Part 16

791 72 25
                                    

အဝေးကို ငေးကြည့်နေတုန်းမှာပဲ ပါးပြင်ထက်ကို အေးစက်သည့် အထိအတွေ့က ရောက်လာသည်။ သူမော့ကြည့်လိုက်တော့ ဂျူတီကုတ်နဲ့ အပြုံးချိုသည့် လူကို တွေ့လိုက်ရသည်။ သူ့ဆီကို ကမ်းပေးလာသည့် အအေးဘူးလေးကလည်း သူသိပ်ကြိုက်သည့် အမျိုးအစားပင်။

အမြဲလိုလို မွန်းကြပ်နေသည့် သူ့အတွက် နေသူရိန်ဟာ စိတ်ထွက်ပေါက်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတာပဲ။

"ဘာတွေ ငေးနေတာလဲ၊ မင်းအခုတလော အပြင်မှာပဲ ရှိနေတယ်နော်၊ အနုပညာအလုပ်က အလုပ်ရှုပ်တယ်လို့ ငါကြားဖူးတာပါ"

အဂ္ဂလင်းမှာ ပြုံးလိုက်မိသည်။ သူလုပ်တတ်တာဆိုလို့ အနုပညာပဲ ရှိသလို သူ့စိတ်ဖြေရာကလည်း အနုပညာပါပဲ။ သို့ပေမယ့် ဦးသူက ရသလင်းကို နေသူရိန်နားမှာ မရှိစေလိုလို့ သူ့ကို စုံစမ်းဖို့ လွှတ်လိုက်တာပင်။ 

နေသူရိန်က ရိုးရှင်းသည့် လူတစ်ယောက်ဖြစ်ပြီး သူ့ဆီမှာ မသင်္ကာစရာ အရိပ်အယောင်တောင် ရှာမတွေ့ပါပေ။

"ကျွန်တော် အခုတလော အရမ်းအားနေလို့လေ"

ထိုစကားကြောင့် နေသူရိန်က သူ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။ အဂ္ဂလင်းက သူ့အတွက် သိပ်ကို ခန့်မှန်းရခက်တဲ့ လူတစ်ဦးပင်။ တစ်ခါတလေ သိပ်ကို ရဲတင်းလွန်းပြီး ပေါက်တိပေါက်ချာ ဟာသတွေ လုပ်တတ်ပြီး တစ်ခါတလေမှာတော့ လေပြည်လေးနဲ့စကားပြောတာကအစ နားယဉ်လောက်အောင် ချိုမြလေသည်။

"ကိုယ် မင်းရဲ့ သီချင်းတွေတောင် နားထောင်ဖြစ်သေးတယ်"

အဂ္ဂလင်း၏ မျက်ဝန်းများမှာ တောက်ပသွားကာ သူ့ဘက်ကို လှည့်ကြည့်လာသည်။

"အင်း... ကျွန်တော့်သီချင်းတွေကို ခင်များ ဘယ်လိုထင်လဲဟင်"

မျက်ဝန်းများမှာ ကြယ်ပွင့်လေးထည့်ထားသလို လင်းလက်နေပြီး အဖြေကို စောင့်နေတဲ့ ပုံစံလေးက ခွေးပေါက်လေးနဲ့ပင် တူတာကြောင့် သူအသံထွက်အောင် ရယ်လိုက်မိသည်။

"မင်း ကိုယ့်ကို ဖုန်းဆက်လိုက်ပါလား"

"အခုလား"

"အင်း"

အဂ္ဂလင်းက နားမလည်နိုင်စွာ ဖုန်းကို ထုတ်၍ နေသူရိန်၏ ဖုန်းကို ခေါ်ဆိုလိုက်လျှင် ရင်းနှီးနေတဲ့ တီးလုံးသံကို ကြားလိုက်ရသည်။ သူအံ့အားသင့်သွားသလို တစ်ခါတည်းမှာလည်း ရှက်သွေးများလာရပြန်သည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now