အခန်း (၂)

482 17 0
                                    

ထွေလီကြည်ပြာရေမျက်နှာပြင်သည် တသိမ့်သိမ့်ဖြင့် ငြိမ်ငြိမ်သက်သက်စီးဆင်းလေပြီဖြစ်သည်။ကြည်လဲ့လဲ့ငွေသားမျက်နှာပြင်သည် နေရောင်အောက်တွင် ငွေဒင်္ဂါးများဖြန့်ကြက်ထားသလိုနှယ်။တလက်လက်ဖြင့် မြစ်ရေပြင်၌ ထိန်တောက်နေ၏။မြစ်သားပြင်အောက်တွင်တော့ ကျောက်တုံးကျောက်ခဲအကြီးအသေးတို့သည် နေရာဦးထားလေပြီး ရောင်စုံငါးအချို့က ၎င်းတို့ကို လှည့်ပတ်ပြေးလွှားနေပေသည်။

" ဇွပ် "

ရေပြင်အောက်မှိန်းတံထိုးဝင်သွားသံနှင့်အတူလူကြီးလက်ဖဝါးစာလောက်ရှိသော ငါးတစ်ကောင်သည် မှိန်းတံဝယ်ဖျတ်ဖျတ်လူး၍ပါသွားခဲ့၏။
၎င်းအသံသည် တစ်နေရာထဲမှမဟုတ်ဘဲ မြစ်ကမ်းတလျှောက်ပင်။ယောကျာ်းပျိုအချို့သည် ပုဆိုးခါးတောင်းကျိုက်လျက် မြစ်ရေပြင်ဝယ်ငါးဆင်းဖမ်းနေကြသည်။

ဒေါနမြစ်သည်...ရေမြင့်လျှင်ဝါးတစ်ထောက်ရှိ၍ရေကျလျှင် ဒူးဆစ်လောက်သာရှိသည်။သို့ရာတွင် ထိုနေရာသည် သင်္ဂဟမြို့တော်၏တောင်ဘက်အစွန်းတွင်သာဖြစ်သည်။မြို့၏ အရှေ့အနောက်နှင့်မြောက်ဘက်တို့တွင်တော့ ကျုံးများလုပ်ထားသည်ဖြစ်ရာ အစစ်အဆေးကြမ်း၍ တော်တန်ရုံလူဝင်မရပေ။မြို့သည် လူကုံတန်များ၍ သူဆင်းရဲနည်းသည်။ထို့ကြောင့်မြို့နေလူထုမှာ ဟိတ်ဟန်ကြီးပြီး အဆောင်အယောင်ကြွားဝါတတ်သူများဖြစ်‌လေ၏။သူတို့သည် မြို့၏ဂုဏ်အင်္ဂါနှင့်မလျော်ညီသော ဆင်းရဲသားတို့၏ ဘဝဇာတ်ခုံကို လက်မခံလိုကြပေ။ထို့ကြောင့် သင်္ဂဟမြို့၏လမ်းဘေးတွင် လှုပ်ရှားရုန်းကန်နေမည့် ဘဝနေ့စားများကို  တွေ့မြင်ရလေ့မရှိပါချေ။ဘုရင်မင်းမြတ်သည်လည်း မြို့တော်ထဲ၌ သူဆင်းရဲများကိုမထား ၊ တွေ့လျှင်ကြိမ်ဒဏ်ပေး၍ မြို့ပြင်နှင်ထုတ်သည်။သူတို့အမြင်တွင် သူဆင်းရဲများသည် မြို့တော်အတွက် အကျည်းတန်သော လူတန်းစားများပင်။

ထိုအကြောင်းကိုသိသော စံတိုင်းတို့တောနယ်ဆင်းရဲသားအုပ်စုသည် မြို့ထဲသို့မဝင် ၊ မြို့၏တောင်ဘက်အစွန်းရှိတောခြုံတစ်ခုတွင် တဲထိုး၍နေကြပေသည်။သူတို့သည် ခိုးဝှယ်သယ်ဆောင်လာသော သီးနှံမျိုးစေ့များကိုထုတ်ပြီး မြေများကိုပြုပြင်ကာ ကြဲချသည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now