အခန်း (၁၄ )

161 10 0
                                    

ဆည်းဆာနေဝင်ချိန်ရောက်ချိန်၌ ဘုန်းတော်ကြီးသည် ကျောင်းသားများကို ရပ်နားစေ၏။ထိုအခါတွင် နန်းဦးမှာ အိမ်သို့ ခြေကုန်သုတ်ပြေးလေသည်။သူ၏အိမ်မှာ ရွာ၏အစွန်ဆုံးတွင်ရှိတာကြောင့် ဘုန်းကြီးကျောင်းနှင့်အတော်လှမ်းသည်။သို့သော် အိမ်သို့အမြန်ရောက်ရန် ဇောကပ်နေသဖြင့် ခဏအတွင်း ရောက်သွားခဲ့သည်။ခြံစည်းရိုးအရှေ့သို့ရောက်သည့်အခါတွင် ခြံထဲ၌ ရွာထဲရှိလူအချို့ကိုတွေ့လိုက်ရသည်။တချို့ကလည်း အိမ်ထဲ၌ စကားပြောနေကြ၏။သူ ခြံစည်းရိုးတံခါးကို တွန်းဖွင့်ပြီးဝင်လာသည်ကို ဦးရီးကျော်စွာက တွေ့သွားသည်။ထို့ကြောင့် သူ့အနားလျှောက်လာပြီး ပွေ့ချီသည်။နန်းဦးသည် ခြံဝန်းထဲရှိလူများကို လိုက်လံကြည့်ရှု၍
ပြောမပြတတ်သော ခံစားချက်ဆိုးဆိုးရွားရွားသည် ရင်တွင်း၌ ဆူပွက်လာသည်။သူ၏ မျက်ရည်များမှာ တလိမ့်လိမ့်ကျဆင်းလာ၏။

" ဦးရီးသက္က ဆုံးသွားပြီဆို "

သူသည် မျက်ရည်တို့ကိုသုတ်၍ မေးလိုက်လေသည်။

" အင်း ၊ သူ ဘဝတပါး ကူးပြောင်းသွားပြီ "

ကျော်စွာက ဖြေပြီးတော့ နန်းဦးကို အိမ်ထဲသို့မခေါ်သွားဘဲ ခြံထောင့်ရှိညောင်ပင်ကြီးအောက်သို့ ချီသွားသည်။ညောင်ပင်အောက်သို့ ရောက်ခါမှ
သစ်သားခုံတန်းပေါ် နန်းဦးကိုတင်ပေးသည်။နန်းဦးသည်ကား မျက်ရည်စက်လက်ဖြင့် အသံမထွက်အောင် ငိုနေဆဲပင်ဖြစ်သည်။ကျော်စွာသည် အသားမာတက်နေသော လက်ကြမ်းကြီးဖြင့် နန်းဦး၏ပါးပြင်ထက်မှ မျက်ရည်များကိုသုတ်ပေးကာ ချော့သည်။

" မငိုပါနဲ့တော့ကွယ် ၊ နေမကောင်းဖြစ်ဦးမယ် "

" သမီးမငိုဘဲနေလို့မရဘူး ၊ ဒီထဲက တစ်မျိုးကြီးဖြစ်နေတာ။ဝမ်းနည်းတယ် ဆိုတာ ဒီလိုကြီးလား..."

နန်းဦးသည် ရင်ဘတ်ကိုလက်ညိုးသေးသေးကလေးဖြင့် ထိုးပြကာ ရှိုက်၍ဆိုသည်။သူက ဆက်ပြော၏။

" နောက်ဆို ဦးရီးသက္ကကိုမတွေ့ရတော့ဘူးပေါ့နော် "

ကျော်စွာ နန်းဦး၏‌ဦးခေါင်းလေးပေါ်ပွတ်သပ်ပေးပြီး သက်ပြင်းချမိသည်။သူတို့ထဲတွင် သက္ကသည် နန်းဦးနှင့်အနေအနီးဆုံးဖြစ်ပြီး နန်းဦး၏အချစ်ဆုံးဟုပင် ဆို၍ရသည်။အလိုလိုက်၍အကြိုက်ဆောင်ကာ
ဖြစ်ချင်သည်အား ဖြည့်ဆည်းပေးတတ်သူဖြစ်သည်။တစ်ခါတရံပင် အလိုလိုက်လွန်း၍ သခင်မထံမှ အဆူခံရသည်‌လည်း ရှိခဲ့သည်။နန်းဦးကလည်း တစ်ခုခုဖြစ်တိုင်း သက္ကထံသွားသွားငိုတတ်၏။အခုတော့ဖြင့် သက္ကသည် တောဝက်ပက်၍ သေဆုံးသွားရပြီဖြစ်သည်။တစ်နေ့က တောဝက်သားစားချင်တယ်ဟု တဖွဖွဆိုနေသော ‌ကလေးမလေးမှာတော့ သူပြောခဲ့သည်ကိုပင်မေ့လျော့နေခဲ့လေသည်။ထိုအစား အတွယ်တာဆုံးဖြစ်သော ဦးရီးသက္က၏ သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေလေပြီ။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now