အပိုင်း - ( 6) ပုံပြင် (1)လူပျိုဆောင်မှအငြှိုးဝိဉာဥ် {3}

835 123 6
                                    

Unicode

ပုံပြင် ( ၁ ) - လူပျိုဆောင်မှအငြှိုးဝိဉာဥ်

တံခွန် ဝတ်ထားသော အင်္ကျီကို ဆွဲမကာ မျက်နှာပေါ်က ချွေးစက်တွေကို ပွတ်သုတ်လိုက်တော့ ပရိသတ်အားပေးသည့် စင်မြင့်တွေဘက်တွင် ထိုင်နေသော ကောင်မလေးတွေ၏ အားခနဲ အော်သံတွေ ပျံ့လွင့်လာ၏။

ဖြူဝင်းကျန်းမာသော ဗိုက်သားပြင်ချပ်ချပ်နှင့် ခါးသွယ်သွယ်တွင် မထူလွန်း မပါးလွန်းသော ကြွက်သားမျှင် ခပ်ရေးရေးတို့က ချွေးစက်လေးတွေ စီးကျနေတာကြောင့် ဆံပင်အနီရောင်နှင့် အနှီ ကျွမ်းဘားသမားလေး၏ ခန္ဓာကိုယ်က ဆွဲဆောင်မှုတို့ ဖြာထွက်နေလေရာ ကောလိပ်ကျောင်းသူလေးတွေခင်မျာ မခံနိုင်ရှာ။

တံခွန်က သွားစွယ်ချွန်တွေပေါ်အောင် နှုတ်ခမ်းလေးတွန့်လျက် လှစ်ကနဲ ရယ်ပြပြီး ကောင်မလေးတွေ ရှိရာဘက်ဆီ ရွှေရောင်မျက်လုံးတစ်ဖက်ကို ဖျတ်ကနဲ မှိတ်ပြလိုက်သည်။

နောက်တစ်ခါ အော်ဟစ်သံတွေ ဆူညံသွားတော့၏။

ပထမနှစ် အားကစားမေဂျာမှ ကျောင်းသားသစ်လေး၏ ဂုဏ်သတင်းသည် တက္ကသိုလ်ထဲတွင် ပန်းတစ်ပွင့်လို မွှေးပျံ့နေကာ လိပ်ပြာလေးတွေလို တက္ကသိုလ်ကျောင်းသူကလေးတွေသည် အနှီရနံ့လေးရှိရာ ကျောင်း ကျွမ်းဘားအားကစားခန်းမတွင် လာရောက်စုပြုံနေကြတော့သည်။

လူကြားထဲတွင် ထင်းနေသော ဆံပင်နီနီ ၊ ရွှေရောင်မျက်လုံးတွေနှင့် ထိုပထမနှစ်ကျောင်းသားလေးက ခပ်မိုက်မိုက် အပြုံးလေးတွေဖြင့်လည်း ဖမ်းစားတတ်သေးတာကြောင့် စာသင်နှစ်သစ်၏ ပထမ နှစ်ပတ်တာ ကာလအတွင်းမှာပင် ထိုဆံနီကောင်လေးကို တိတ်တခိုးကြွေဆင်းနေသူ ပျိုမဒီလေးတွေ ဒုနှင့်ဒေး ရှိနေပြီဖြစ်၏။

ယခုလည်း လေ့ကျင့်ရေး အချိန်တွင် အခြား မေဂျာတူ လေ့ကျင့်ဖော် ကျောင်းသားကျောင်းသူများ၏ မနာလိုအကြည့်များကိုပင် လက်ခံရရှိလောက်အောင် ပွဲကြည့်စင်တစ်ခုလုံး တံခွန့် မိန်းကလေး ပရိသတ်တွေနှင့် ပြည့်နေသည်။

သို့သော် ထိုပွဲကြည့်စင်၏ အလယ်နေရာနားလောက်တွင်မူ မည်သည့် မိန်းကလေးမှ မထိုင်ရဲပဲ လူလေးငါးယောက်စာပတ်ပတ်လည်လောက် နေရာလွတ်ကြီး ဖြစ်နေသည်။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now