Chapter - 6

37.2K 3.2K 564
                                    

တစ်လကျော်ကြာပြီးနောက် နိုဝင်ဘာလ အစောပိုင်းတွင် ဖြစ်၏။ တိတိကျကျ ပြောရပါမူ နိုဝင်ဘာလ ၃ ရက်နေ့။

နံနက်စောစောစီးစီး အဆင်မပြေမှုတစ်ခုက သူရိန်မင်းထင်ကို ဆီးကြိုနေသည်။ ယင်းမှာ ဆေးရုံသို့သွားခါနီး၌ ကားစက်နှိုးမရခြင်း ဖြစ်၏။

သူရိန်မင်းထင်တစ်ယောက် အနည်းငယ် စိတ်မကြည်မလင်ဖြစ်သွားပါသော်ငြား စိတ်ကိုလျှော့ကာ သက်ပြင်းချလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ သက်မဲ့ပစ္စည်းတစ်ခုခုကြောင့်တော့ သူ့စိတ်အကြည်ဓာတ်ကို အပျက်မခံနိုင်ပါချေ။

ဆိုင်ကယ် သို့မဟုတ် သုံးဘီးတစ်စီးစီးငှား၍လည်း သွားလို့ရသည် မဟုတ်ပါလား။

"ဘာဖြစ်နေတာလဲ၊ ကားပျက်နေတာလား"

မြတ်ဘုန်းက မောင် ကားကို စက်နှိုးနေစဉ်ကတည်းက ဧည့်ခန်းထဲသို့ ရောက်နေပြီဖြစ်သည့်အတွက် မောင့်ကားက အဆင်မပြေဖြစ်နေပြီမှန်း သိလိုက်ပြီး ဖြစ်၏။ ထို့ကြောင့် မောင် ကားပေါ်မှဆင်းလာတော့ သူက အိမ်ရှေ့သို့ ထွက်လာပြီး မေးလိုက်ခြင်း။

ထိုအခါ မောင်က ကားထဲမှ လုပ်ငန်းသုံးအိတ်နှင့် ထမင်းချိုင့်တို့ကို ထုတ်ယူရင်းမှ တိုတိုတုတ်တုတ် ပြန်ဖြေလာသည်။

"စက်နှိုးမရတာ"

မောင်က ကားတံခါးကို ပြန်ပိတ်လိုက်ပြီ ဖြစ်၏။ ထို့နောက် အိမ်ထဲမှ ထွက်လာသော မြတ်ဘုန်းနှင့် အကြည့်ချင်း ဆုံသွားသည်။ မြတ်ဘုန်း၏ နောက်၌ ဒရိုင်ဘာ မောင်သစ်က ရှိနေပြီး သူ့လက်ထဲတွင်တော့ မြတ်ဘုန်း၏ လုပ်ငန်းသုံးအိတ် ရှိနေ၏။

မြတ်ဘုန်းက ဆိုလိုက်သည်။

"ငါလည်း အခု ရုံးခွဲကို သွားမလို့၊ မင်းတို့ဆေးရုံနဲ့ လမ်းကြုံတယ်၊ မင်းအဆင်ပြေရင် ငါလိုက်ပို့ပေးလို့ ရတယ်"

တစ်ဖက်လူ၏ ပြောစကားကြောင့် 'ငါ အဆင်မပြေရင်ရော' ဟူ၍ သူရိန်မင်းထင် ပြန်မေးချင်စိတ်ပေါက်သွား၏။ သို့ပေသည့် နံနက်စောစောစီးစီး ပြဿနာကို သူ့ဘက်မှ မစချင်၍ မိုးကျရွှေကိုယ်၏ ကမ်းလှမ်းလာမှုအား လက်ခံလိုက်တော့သည်။

Let's Get Divorced! [Completed]Where stories live. Discover now