Chapter - 7

42.1K 3.5K 678
                                    

မြတ်ဘုန်းခေါင်တစ်ယောက် နံနက် ၉ နာရီမှသာ အိပ်ရာနိုးလာခဲ့၏။ သူဟာ အလုပ်ကိစ္စဖြင့် ရန်ကုန်တွင် ၄ ရက်ခန့်နေပြီးနောက် မနေ့ညနေကမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရန်ကုန်မှပါလာသော အလုပ်များကို အရှိန်မပြတ်စေရန် ဆက်လုပ်ခဲ့ရာ ညဉ့်နက်မှ အိပ်ဖြစ်ခဲ့၏။

သို့ဖြစ်၍ သည်နေ့နံနက် အိပ်ရာထ နောက်ကျခြင်းဖြစ်သည်။

သူ နံနက်စာစားရန်အတွက် ထမင်းစားခန်းထဲသို့ ဝင်သွားချိန်တွင်တော့ မောင်တစ်ယောက် ထမင်းချိုင့်ထည့်ရင်း အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရ၏။ မြတ်ဘုန်း တစ်ချက်စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

“ဒီနေ့က ပိတ်ရက်မဟုတ်ဘူးလား၊ မောင် ဂျူတီရှိလို့လား”

“မရှိဘူး”

မောင်က ချိုင့်တစ်ချိုင့်ထဲ ဝက်သားဟင်းကိုထည့်နေရင်း ပြန်ဖြေလာ၏။ သို့ဖြစ်ရာ သူ မျက်မှောင်အသာ ကျုံ့လိုက်မိပြီး ပြန်မေးလိုက်သည်။

“ဒါဆို ထမင်းချိုင့်က  ဘာအတွက်လဲ၊ ဘယ်သွားဖို့ ရှိလို့လဲ”

“ပီတာ့အတွက်၊ သူ တစ်နေ့က Accident ဖြစ်တာ ညာဘက်လက် အရိုးအက်ထားတယ်”

မောင်က ဟင်းချိုင့်ထည့်ပြီးပြီမို့ ထိုသို့ပြောပြီးနောက် သူ့ကို တစ်ချက် မော့ကြည့်လာ၏။ နှစ်ယောက် မျက်လုံးချင်းဆုံသွားချိန်တွင်မှ ဆက်ပြောသည်။

“အဲ့ဒါကြောင့် ဒီရက်တွေအတွင်း သူစားဖို့သောက်ဖို့အတွက် ငါနဲ့ဂုဏ်ရှိန် အလှည့်ကျ တာဝန်ယူထားတယ်၊ သူ့အတွက် စရိတ်ကိုတော့ အန်တီသီတာ့ဆီ သီးသန့်ပေးပြီးပြီ၊ မင်းကို ပေးရမယ်ဆိုရင်လည်း ပြန်တောင်းပေးမယ်”

အဆိုပါစကားအဆုံး မြတ်ဘုန်းခေါင်၏ မျက်နှာက သိသိသာသာ မှုန်ကုပ်သွား၏။

“မောင် ငါ့ကို ပိုက်ဆံစကား မပြောပါနဲ့၊ ငါက ဒီတိုင်း မောင်ဘယ်သွားမလို့လဲဆိုတာ သိချင်လို့ မေးရုံပဲ”

“မင်းအလှည့်ကျ နာတတ်လား”

မောင်က ထိုသို့သာ ပြန်ပြောလာပြီး ထမင်းချိုင့်ကို သေချာပိတ်လိုက်သည်။ မြတ်ဘုန်း ချစ်ရသူထံမှ ပြောလာသောစကားကြောင့် ထမင်းစားပွဲတွင် ဝင်မထိုင်ဖြစ်သေးဘဲ နေရာ၌သာ ဆက်ရပ်နေမိ၏။

Let's Get Divorced! [Completed]Donde viven las historias. Descúbrelo ahora