Chapter - 38 (Unicode)

26.3K 2.2K 585
                                    

[Warning – Suicide]

***

ချစ်ရသူ၏ ၉ နှစ်ပြည့် နှစ်လည်ဖြစ်သည်မို့ သူရိန်မင်းထင်ဟာ ထုံးစံအတိုင်း နှစ်လည်အလှူတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းမှာတော့ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ အလှူပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးများကို နေ့ဆွမ်းကပ်ရုံသာမက အလှူ၌ လူတန်းစားမရွေး နေ့လယ်စာဝင်စားခွင့်လည်း ပြုထား၏။

သည်နေ့၏ ရာသီဥတုသည်ကား လွန်ခဲ့သော ၉ နှစ်ကနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မိုးရာသီသို့ ရောက်နေပြီဖြစ်ပါသည့်တိုင် ကောင်းကင်ယံတွင် တိမ်စိုင်များ ကင်းစင်နေပြီး ကြည်လင်သာယာနေလေ၏။

“ဦးဦး.. ဦးဦး.. ချား..”

သူရိန်မင်းထင်တစ်ယောက် မိတ်ဆွေအချို့ရှိနေကြသော စားဝိုင်းတစ်ဝိုင်းနားတွင်ထိုင်ကာ ဧည့်ခံစကားပြောနေစဉ်အခိုက် တူတော်မောင်က နောက်မှရောက်လာပြီး စပျစ်သီးတစ်လုံးကို အတင်းလာခွံ့ကျွေးခြင်း ဖြစ်သည်။

“သားသားရေ.. လာ တီလေးဆီကို ပြန်လာ၊ ဦးဦးကို သွားမရှုပ်ရဘူးလေ၊ ကြည့်စမ်း၊ ဒီကလေးကတော့..”

ဆုလာဘ်မင်းထင်ဟာ တူဖြစ်သူကိုထိန်းနေရာမှ ခဏသတိလွတ်သွားချိန်တွင် မျောက်လောင်းလေးက အနားမှ လှစ်ခနဲပြေးထွက်သွားခြင်းမို့ နောက်မှ တတွတ်တွတ်ဆိုကာ လိုက်သွားလိုက်ခြင်း။

သို့သော် အစ်ကိုဖြစ်သူအနားသို့ ရောက်သွားသည့် တူဖြစ်သူကိုတော့ မတားလိုက်နိုင်ပါချေ။

“ထားခဲ့ မီးလေး၊ ကိုကြီးပဲ ဆက်ထိန်းလိုက်မယ်၊ ထမင်းရော စားပြီးပြီလား”

သူရိန်မင်းထင်က တူဖြစ်သူကျွေးလာသော စပျစ်သီးကို စားလိုက်ပြီးနောက် ကလေးအား ဆွဲချီကာ ပေါင်ပေါ်တင်ထားလိုက်ရင်းမှ ညီမငယ်ဖြစ်သူကို မော့ကြည့်ကာ ဆိုလိုက်ခြင်း။ ညီမဖြစ်သူဟာ အသက် ၃၀ ကျော်နေပြီဖြစ်ပါသော်ငြား သူရိန်မင်းထင်ရော၊ ခတ္တာမင်းထင်ကပါ သူတို့၏ ညီမအငယ်လေးအား ချစ်စနိုးဖြင့် မီးလေးဟူ၍ပင် ခေါ်နေကြဆဲဖြစ်၏။

အစ်ကိုဖြစ်သူ၏အမေးကို ဆုလာဘ်မင်းထင်က လှပသော အပြုံးလေးတစ်ခုနှင့်အတူ ပြန်ဖြေလိုက်သည်။

Let's Get Divorced! [Completed]Where stories live. Discover now