Chapter - 44 (Finale) (Zawgyi)

6.7K 117 4
                                    

မဟာသင်္ကြန်အကျနေ့။

“ဟေ့… ဟေ့… နွေမ… ဟေ့… ဟေ့… နွေမ
နွေမရဲ့ကပုံလေးက ချစ်စရာကွယ်…
ဟေ့… ဟေ့… နွေမ… ဟေ့… ဟေ့… နွေမ
တကယ်လှလို့ ရှုမဝနိုင် ကစမ်းပါဦးကွယ်…
နွေမလေးက သင်္ကြန်လိုက… ဒီရေနန်းက သင်္ကြန်လိုဆို…
နွေမလေးက သင်္ကြန်လိုက… ဒီရေနန်းက သင်္ကြန်လိုဆို…
ပြန်ပါနဲ့ဦးကွယ်… နွေမမာလာ မပြန်နဲ့ဦးကွယ်…”

ယင်းမှာတော့ ဥက္ကာမင်းထင်နှင့် သူ့ကျောင်းမှ သူငယ်ချင်းနှစ်ယောက်တို့ နံနက်စောစောစီးစီး ဂီတာစမ်းရင်း သီချင်းဆိုနေကြခြင်း။

ဥက္ကာဟာ ကျောင်းတစ်နှစ်နားခဲ့ဖူးပါသော်ငြား သည်သူငယ်ချင်းနှစ်ယောက်နှင့်တော့ ရွယ်တူတွေ ဖြစ်၏။ အကြောင်းမှာတော့ ထိုနှစ်ယောက်ကလည်း သူ့ကဲ့သို့ပင် အကြောင်းတစ်စုံတရာကြောင့် ကျောင်းတစ်နှစ်နားခဲ့ဖူးကြသူတွေ ဖြစ်သောကြောင့်ပင်။

“အငယ်လေး! မနက်စာ ဘယ်မှာစားမှာလဲ! ထမင်းစားခန်းထဲမှာ စားမှာဆို သူငယ်ချင်းတွေကို ခေါ်လာခဲ့တော့!”

ဆုလာဘ်မင်းထင်က ထမင်းစားခန်းထဲမှနေ၍ ဧည့်ခန်းထဲတွင်ရှိနေသော မောင်ဖြစ်သူကို လှမ်းအော်ပြောလိုက်ခြင်း။

ထိုအခါ ဥက္ကာမင်းထင်ကလည်း ဂီတာတီးနေရာမှရပ်လိုက်ပြီး ပြန်အော်ပြောလိုက်သည်။

“အဲဒီမှာမစားဘူး! ဒီမှာပဲ စားမှာ! ဒီကိုပဲ ယူခဲ့ပေး!”

“ဟေ့ကောင်၊ မင်းအစ်မကို အားနာစရာကြီး၊ ငါတို့ပဲ သွားယူလိုက်ရမလား”

ယင်းမှာ ဥက္ကာမင်းထင်၏စကားနောက် သူငယ်ချင်းတစ်ယောက်က ပြောလိုက်ခြင်း။

“အားနာမနေနဲ့၊ သူကိုယ်တိုင် လာပို့မှာမှမဟုတ်တာ”

ဥက္ကာက ထိုသို့ပြန်ပြောလိုက်တော့မှ သူငယ်ချင်းနှစ်ယောက်စလုံးလည်း နေသာထိုင်သာ ရှိသွားကြတော့သည်။

ထို့နောက် ဥက္ကာပြောသလိုပင် သူတို့သူငယ်ချင်းသုံးယောက်အတွက် နံနက်စာများကို လာပို့ပေးကြသည်မှာ အိမ်ရှိ ဝန်ထမ်းများပါပင်။

သူတို့ နံနက်စာစားနေကြသည့်အချိန်တွင်တော့ အိမ်အပေါ်ထပ်မှ လူနှစ်ယောက် ဆင်းလာကြ၏။ ထိုအခါ သုံးယောက်စလုံး၏အကြည့်များက ထိုသူတို့ထံ ရောက်သွားကြသည်။

Let's Get Divorced! [Completed]Where stories live. Discover now