မြတ်ဘုန်းခေါင်တစ်ယောက် ယောက္ခမနှင့်အတူ မီးဖိုချောင်ကို ပထမဆုံးဝင်ရမည်မို့ အတော်လေးစိတ်လှုပ်ရှားနေ၏။ တစ်ချိန်တည်းမှာပင် သူဟာ ချစ်ရသူအကြိုက်ဆုံးဟင်းကို ချက်ကြည့်ဖူးတော့မည်မို့ အတော်လေးလည်း ပျော်နေသည်။
‘ငါလုပ်နိုင်မှာပါ’
အိပ်ခန်းထဲမှထွက်လိုက်သည့်အချိန်၌ သူ့ကိုယ်သူ စိတ်ထဲမှ အားပေးလိုက်မိခြင်း။
သူသည် သည်နံနက်၌ ပေါ့ပေါ့ပါးပါးဝတ်ဆင်တာအကောင်းဆုံးဖြစ်သည်မို့ သူ့ကိုစိတ်ဆိုးသွားသော ခင်ပွန်းဖြစ်သူ၏ ရှပ်အင်္ကျီအဖြူလက်တိုကို ထုတ်ယူ၍ ဝတ်လာခဲ့၏။ ဘောင်းဘီရှည်အနက်ကတော့ သူ့ဘောင်းဘီသာ ဖြစ်သည်။
အင်္ကျီက သူ့အင်္ကျီမဟုတ်သည်မို့ သူ့ထက် သိသိသာသာ Size ကြီးနေသည်ဖြစ်ရာ ခပ်ပွပွဖြစ်နေ၏။ သို့ဖြစ်၍ ပုံမှန်အားဖြင့် စမတ်ကျကျပုံစံဖြင့်သာရှိတတ်သော မြတ်ဘုန်းခေါင်တစ်ယောက် ယခုတွင်တော့ အတော်လေး လွတ်လွတ်လပ်လပ်ပုံစံမျိုး ဖြစ်နေသည်။
သူ့အနေနှင့် ခင်ပွန်းဖြစ်သူ၏ အင်္ကျီကို ယူဝတ်လာရခြင်းမှာ အခြားကြောင့်တော့မဟုတ်၊ တစ်ခုခုအဆင်မပြေဖြစ်လျှင် ‘မောင်ရှိတယ်’ ဟူသော ခံစားချက်ကို ခံစားရချင်သောကြောင့် တမင်အားကိုးရာရှာလာခြင်း ဖြစ်သည်။ မောင်က ဟင်းချက်တော်သူမို့ မောင့်အင်္ကျီကိုဝတ်ဆင်ထားသည့်အခါ ဓာတ်ကူးပြီး သူလည်း ဟင်းချက်တော်လာမလား မပြောတတ်။
“ဝုတ် ဝုတ်”
“သား ငြိမ်ငြိမ်နေဦး၊ ဖေဖေ အခု စိတ်လှုပ်ရှားနေလို့၊ သွား ဒီနေ့တော့ သားဘာသာသွားဆော့နေ၊ နောက်ရက်မှ သားနဲ့အတူ လိုက်ဆော့ပေးမယ် နော်”
သူအပြင်သို့ထွက်လာသည်နှင့် Miss က အပြေးအလွှားရောက်လာပြီး သူနှင့်အတူလာဆော့ဖို့ခေါ်လာသည်မို့ မြတ်ဘုန်းက ထိုသို့ပြောလိုက်ခြင်း။ ထိုအခါ Miss က နားလည်သည့်အလား ချက်ချင်းဆိုသလို အနားမှ ပြန်ပြေးထွက်သွားသည်။
ထိုသို့ဖြင့် မြတ်ဘုန်းတစ်ယောက် မီးဖိုခန်းထဲရောက်သွားတော့ ယောက္ခမဖြစ်သူနှင့်အတူ ဝန်ထမ်းကောင်မလေးသုံးယောက်အား မြင်လိုက်ရ၏။ သူဝင်သွားသည့်အချိန်၌ အားလုံးကလည်း ချက်ချင်းသတိထားမိသွားပြီး လှည့်ကြည့်လာကြသည်။
YOU ARE READING
Let's Get Divorced! [Completed]
Romance"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေးရယ်ကြောင့်ဆုံဆည်းတတ်ကြတယ်တဲ့၊ မောင်နဲ့ငါကတော့ ဝဋ်ကြွေးသီးသန့်ကြောင့်ဆုံခဲ့ကြတယ်ထင်ပါရဲ့" [Zawgyi] ...