Chapter - 18

47.5K 3.6K 674
                                    

ဇူလိုင်လ၏ ပထမဆုံးနေ့။

သည်နေ့သည်ကား C-loud Clinic ၏ ဖွင့်ပွဲကျင်းပရာ နေ့ရက်လည်း ဖြစ်သည်။ ထို့ကြောင့် ဆေးခန်းရှိရာလမ်းထဲသို့ ကားဝင်လိုက်သည်နှင့် ဆေးခန်းရှေ့နားမှစ၍ တန်းစီနေကြသည့် လူတန်းကြီးကို တွေ့နိုင်ပေ၏။

မြတ်ဘုန်းဟာ လက်ကောက်ဝတ်ထက်ရှိ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်မိသည်။ အချိန်က နံနက် ၈ နာရီထိုးလုပြီဖြစ်၏။ ဖိတ်စာထဲတွင်ပါသော ဖွင့်ပွဲအချိန်ဟာ နံနက် ၇ နာရီခွဲမှ ၁၁ နာရီအထိ ဖြစ်သည်။ ထို့ကြောင့် သူလာသည့်အချိန်က စောတောင် စောနေပါသေး၏။

‘တစ်နာရီလောက် ကားပတ်စီးပြီးမှ ပြန်လာရင်ကောင်းမလား။’

ထိုသို့တွေးလိုက်မိပြီးမှ ကလေးဆန်သည်မို့ သက်ပြင်းတစ်ချက်ချလိုက်ပြီး နံဘေးရှိ လက်ဆောင်ထုပ်အား ဆွဲယူလိုက်သည်။

ကားသည် ဆေးခန်းရှေ့ လမ်းတစ်ဖက်ခြမ်း၌ ရပ်သွားပြီးနောက် သူလည်း ကားပေါ်မှ ဆင်းလိုက်၏။ ဖိတ်ကြားထားသူက အိမ်မှလူများကိုပါ ခေါ်လာဖို့ရန် ပြောခဲ့ပါသည့်တိုင် သူကိုယ်တိုင်က ကြာကြာနေဖို့ စိတ်ကူးမရှိသည်မို့ မည်သူ့ကိုမှ ခေါ်မလာဘဲ တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည်။

မြတ်ဘုန်းတစ်ယောက် ကားပေါ်မှ ဆင်းလိုက်ချိန်တွင် ဆေးခန်းရှေ့နားတစ်ဝိုက်မှ လူများအားလုံး၏ အာရုံကို ဖမ်းစားနိုင်သွားလေ၏။ သူက အလုပ်ကို တန်းသွားရမည့်သူမို့ အနက်ရောင် Suit ကို ဝတ်ဆင်ထားရာ သာမန်ဝတ်စားထားသူများကြားတွင် ထူးဆန်းနေတော့သည်။

လူအများထံမှ အကြည့်ခံရခြင်းမှာ မထူးဆန်းသည်မို့ မြတ်ဘုန်းကတော့ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ တစ်ယောက်သောသူကို ရှာကြည့်လိုက်၏။ သို့သော် သူမြင်နိုင်သော နေရာအနှံ့ကို ကြည့်ပြီးချိန်အထိ ဆေးခန်းပိုင်ရှင်အား မတွေ့ရပါသေးချေ။

ဆေးခန်းရှေ့၌ လူရှုပ်နေခြင်းမှာတော့ လူအုပ်စုတစ်စုက နတ်သုဒ္ဓါ၊ မုန့်များ၊ ဆေးဝါးများနှင့် ဆေးခန်းနှင့်ပတ်သက်သော စာစောင်တို့ကို ဝေပေးနေသောကြောင့် ဖြစ်သည်။ ဝေပေးနေသည်မှာ ပေါပေါလျှံလျှံဖြစ်ပြီး လာရောက်တန်းစီသူတိုင်းကို လူကြီး၊ လူငယ်၊ ကလေး မခွဲခြားဘဲ ဝေပေးနေခြင်း ဖြစ်၏။ ထို့ကြောင့် ဝေပေးနေကြသော အုပ်စုက အလုပ်နှင့်လက် မပြတ်ကြပါချေ။

Let's Get Divorced! [Completed]Where stories live. Discover now