Extra - 2

15.8K 1.5K 187
                                    

အောက်တိုဘာလ ၃၀ ရက်နေ့၊ ည ၈ နာရီအချိန်ဖြစ်၏။

"ဒေါက်တာ၊ ညီမ ပြောချင်တာလေးရှိလို့ ဒီမှာ ခဏထိုင်လို့ရမလားမသိဘူး"

ပီတာတစ်ယောက် အနည်းငယ်စိတ်မကြည်ဖြစ်နေရာမှ ရှေ့သို့ရောက်လာသော အမျိုးသမီးကို မော့ကြည့်လိုက်သည်။ သူဟာ လက်ရှိ၌ မင်္ဂလာညစာစားပွဲတစ်ခုသို့ ရောက်နေခြင်း ဖြစ်၏။

"ဟုတ်ကဲ့၊ ရပါတယ်၊ ထိုင်ပါ"

သူ့အနေနှင့် တစ်ဖက်အမျိုးသမီးကို မသိပါသော်ငြား တစ်ဖက်က သူ့ကိုသိနေသည့်ပုံစံမို့ ယဉ်ကျေးသမှုနှင့် ပြန်ပြောလိုက်ခြင်းဖြစ်သည်။ စင်စစ်တွင်တော့ လက်ရှိအချိန်၌ သူ မည်သူနှင့်မှ စကားပြောချင်စိတ်ရှိမနေပါချေ။

သူ့စကားနောက် တစ်ဖက်အမျိုးသမီးက သူထိုင်နေသောခုံ၏ ညာဘက်ခြမ်းမှခုံကို ဆွဲယူကာ ဝင်ထိုင်လိုက်၏။ လက်ရှိ သူထိုင်နေသောဝိုင်းက ၅ ယောက်ထိုင်လို့ရသည့်ဝိုင်း ဖြစ်သည်။

ပီတာဟာ သတို့သားဘက်မှ ဖိတ်ထားသော ဧည့်သည်ဖြစ်ပြီး သတို့သားက ဂုဏ်ရှိန်နှင့်လည်း အတော်လေးရင်းနှီး၏။ ထို့ကြောင့် ဂုဏ်ရှိန့်ကိုပါ ဖိတ်ခဲ့ပါသော်ငြား တိုက်တိုက်ဆိုင်ဆိုင် ဂုဏ်ရှိန်က သည်နေ့နံနက်တွင်မှ အဖျားတက်လာခဲ့သည်မို့ မည်သည့်ပွဲကိုမှ မတက်နိုင်ခဲ့ပါချေ။

သို့ဖြစ်၍ ကနဦးတွင် ပီတာတစ်ယောက် မနက်ပွဲတွင်ရော၊ ညပွဲတွင်ပါ ခဏသာနေဖို့ ဆုံးဖြတ်ခဲ့ပါ၏။ သို့သော် လက်တွေ့တွင်တော့ သူမလုပ်နိုင်ခဲ့ပါချေ။

အကြောင်းသည်ကား တစ်စုံတစ်ယောက်သည်လည်း သူ့ကဲ့သို့ပင် ပွဲတက်လာသောကြောင့် ဖြစ်သည်။

"ဒေါက်တာ၊ ညီမ လမ်းကြုံပြောသလိုဖြစ်သွားမှာတော့ စိုးပါတယ်၊ ဒါပေမဲ့ ဒေါက်တာ့အချိန်တွေကို တကူးတကယူရမှာလည်း အားနာနေလို့ပါ"

"ရပါတယ် ညီမ၊ ပြောပါ"

တစ်ဖက်မှ အတော်လေးအားနာသည့်ဟန်ဖြင့် ပြောလာသည်မို့ ပီတာချန်းတစ်ယောက် အလိုက်သင့်သာ ပြန်ပြောလိုက်ခြင်း။

ထိုအခါ တစ်ဖက်အမျိုးသမီးက ဆက်ပြောလာ၏။

"ညီမအမေကို ဒေါက်တာမြင်ရင်တော့ သိမှာပါ၊ ဒေါ်မို့မို့လင်းလေ၊ အရင်က မေမေနေမကောင်းဖြစ်တိုင်း ဒေါက်တာ့ဆီမှာပဲ အမြဲလာပြဖြစ်တာ၊ မှတ်မိရဲ့လားတော့ မသိဘူး"

Let's Get Divorced! [Completed]Where stories live. Discover now