အပိုင်း(၂၁)

2K 118 41
                                    

Unicode

ကျွန်တော့်ရှေ့တွင် လက်ဖဝါးတစ်ပြားစာ မရှိတရှိ ကိတ်တစ်လုံးရှိနေသည်။ကိတ်ပုံစံသည် သုံးထောင့်ချွန်းဖြစ်ရာ ထိုသို့မုန့်များကို ဆူးလေဘုရားအနီး (မဟာဗန္ဓုလလမ်း ၃၂လမ်းထောင့်ရှိ) "ရသာမုန့်တိုက်"တွင် တွေ့ရတတ်သည်။"ရသာမုန့်တိုက်" တစ်ခေတ်တစ်ခါက နဂိုနာမည်ဖြစ်သော "ရှားမီး"ဟူ၍လည်း ခေါ်တတ်ကြသေးသည်။ ကိတ်ထဲတွင် ကျွန်တော် အစားများဖူးသည်မှာ ပလိန်းကိတ်သာ ဖြစ်သည်။ပလိန်းကိတ်သည် မုန့်သားသပ်သပ်သာ ဖြစ်ပြီး ခရင်မ်ဆိုသည်မှာ တစ်စိုးတစ်စိတ်မျှ မပါချေ။အန်ကယ်ဝယ်ကျွေးသော ကိတ်သည် ကျွန်တော် စားဖို့တောင် မနည်းစဥ်းစားယူရသော အဆော့တကိတ်(Assorted cake)မျိုးဖြစ်သည်။Assorted cakeသည် ခရင်မ်ပါ၍ စားသည့်အခါ ပါးစပ်ပေတတ်သည်။

ကိတ်ပေါ်က သုံးခြမ်းစိတ်ထားသော စတော်ဘယ်ရီသီးအဝိုင်းပြားလေး တစ်ဖက်အား ယူစားလိုက်လျင် လျှာဖျားပေါ်သို့ အချိုအချဥ်အရသာလေး ရလာလိမ့်မည်။ထိုအချိန် ကျွန်တော့်အား အန်ကယ်ကိုယ်တိုင် ခွံကျွေးမည်ဆိုလျှင် ထိုစတော်ဘယ်ရီသီးစိတ်သည် စားဖူးသမျှထဲ အချိုဆုံးအသီးဖြစ်နိုင်လိမ့်မည်။ထိုအတွေးကို သတင်းစာ၏ နောက်ဆုံးစာမျက်နှာအား အာရုံစိုက်ဖတ်နေသည့် အန်ကယ်တစ်ယောက် သိနိုင်မည် မဟုတ်ချေ။

တစ်ခါတစ်ရံ အန်ကယ်က တိတ်ဆိတ်လွန်းသည်။ဘယ်လောက်ထိ တိတ်ဆိတ်နေတတ်သည်ဆိုလျှင် ဘေးနားထိုင်နေသည့် ကျွန်တော်ပင် တစ်ခါတစ်ရံ အန်ကယ်များ ရှိရောရှိနေရဲ့လားဟု တွေးမိသည့်အထိပင်။ပါးစပ်ထဲမှ စတော်ဘယ်ရီ၏ အရသာသည် ပျောက်ကွယ်လုနီးနီးဖြစ်သွား၏။ဝါးနေလက်ဆမှ ရပ်တန့်သွားသည်။ကျွန်တော် နှုတ်ခမ်းတစ်ချက်ကိုက်ကာ သတင်းစာအား တိတ်တဆိတ် ဖတ်နေသော အန်ကယ့်ကို တစ်ချက်ကြည့်လိုက်၏။

မျက်တောင်သာမခက်လျှင် သူဟာ အရုပ်တစ်ရုပ်လား၊ဒါမှမဟုတ် ခံစားချက်မဲ့နေသည့် ဘဝမဲ့နေသူ တစ်ဦးလား။ကျွန်တော်သာ မရှိလျှင် အမြဲတမ်းလိုလို တစ်ယောက်တည်း နေတတ်သောသူသည် သူ့ရဲ့ မူလအကျင့်စရိုက်ကြောင့်လား၊ဒါမှမဟုတ် အထီးကျန်ခြင်းအား နေသားကျနေသူတစ်ဦးလား။အန်ကယ်နှင့် ပတ်သတ်၍ ကျွန်တော် တွေ့နေမြင်နေရသည့် အရာတွေသည် ပြောင်းလဲသွားခြင်း မရှိစွာ ထပ်ခါထပ်ခါသာဖြစ်နေသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Ongoing)Where stories live. Discover now