"ဘာ!! ဂွန်းဝုဂီက ဘယ်ကို!!"
သူနဲ့ ဂွန်းဝုဂီက စာမေးပွဲပြီးတော့ နှစ်ရက်လောက် လျှောက်လည်ခဲ့ကြသည်၊ အထက်တန်းစတက်ကတည်းက ပျောက်နေတဲ့ ကလေးစိတ်ကို ဂွန်းဝုဂီက ပြန်ပြီးဆွဲထုတ်ပေးလာတာမို့ ဂယူဘင်းမှာ စိတ်တွေ ပေါ့ပါးလွန်းပြီး လွတ်လပ်မှုကို ထပ်ပြီး ရလိုက်သလို ခံစားခဲ့ရသည်။
"နောက်အပတ်ကျ ဖေကြီးရဲ့ အလုပ်တွေကူပေးစရာ ရှိတာမို့၊ ဒယ်ဂူဘက် နှစ်လလောက်သွားနေရမှာ, ကိုကိုက ဒုတိယနှစ်အတွက် စာကြိုလုပ်ထားနော်၊ ဂွန်းဝုဂ့်က ကူမပေးနိုင်တာမို့ ဂိုက်ခေါ်သင်လိုက်နော် " လို့ ပြောသွားတဲ့ ထိုကလေးက အခုကြားရသည်မှာ ဘယ်ကိုသွားတာ...
"ချွမ်ရွေ့ ပြန်ပြောစမ်း!"
"အယ် ငါသိတာ မှားသွားတာ ထင်တယ်"
"မဟုတ်ဘူး မင်းသိတာ မှားနေလည်း သိထားသလို ပြန်ပြော"
ပုံမှန် စိတ်ဆိုးရင် ခွေးပေါက်လေးတွေ မာန်ဖီနေသလိုပဲဆိုပေမဲ့၊ ဂယူဘင်းအခုပုံစံက စိတ်ဆိုးနေတာထက် ဘယ်လိုပြောရမလဲ၊ စိတ်ရှုပ်နေတာလို့ ပြောရမလား...
ဆံပင်ခပ်ပျော့ပျော့တွေကို လက်ချောင်းတွေထဲ အံဝင်ခွင်ကျဖြစ်အောင် ထိုးဆွလိုက်ပြီး သပ်တင်လိုက်တဲ့ပုံစံက ခပ်မိုက်မိုက် ကောင်လေးတစ်ယောက်လို...
"ဘာငေးနေတာလဲ? ပြောပါဆိုနေတာကို!!"
"ဘာမှမငေးပါဘူး"
တွေးမိတဲ့အတွေးကို ခေါင်းခါထုတ်ရင်း ဖျောက်လိုက်ကာ စကားဆက်သည်၊
"နိုင်ငံအဆင့် သင်္ချာပြိုင်ရမှာမို့ တရုတ်မှာ လေ့ကျင့်ရေးဆင်းဖို့ သွားတယ်လို့ သိထားတယ်"
"ဟား စိတ်တိုတယ်လို့တောင် မပြောနိုင်တော့ဘူး"
"ငါသိထားတာ မှားနေတာလည်း ဖြစ်ရင်ဖြစ်မှာပါ, အရမ်းကြီး မတွေးပါနဲ့"
"မမှားလောက်ပါဘူး၊ ဂွန်းဝုဂီက ငါ့ကို ဒယ်ဂူဘက်သွားမယ်ပြောခဲ့တာ"
"အမ် ငါဝင်ရှုပ်မိပြီထင်တယ်"
"မဟုတ်တာ ပြောပြတာ ကျေးဇူးပဲ၊ အစကတည်းက ရိပ်မိသင့်တာ၊ လေးလေးကို ကူမယ်ဆိုပြီး လေးလေးက ဒီမှာ ကျန်နေခဲ့ကတည်းက ရိပ်မိလိုက်သင့်တာကို"