(၉၈)

493 53 4
                                    

U••

[သုံးပွင့်ဆိုင်​တွေ့​ဆုံခြင်း]

ချိန်းထားသောနေရာသို့ ပိုင်လီထျန်းပြန်လာသည့်အခါတွင်မူ အိမ်တော်ထဲမှပြုံးပြုံးရွှင်ရွှင်နှင့်ထွက်လာသော သွမ့်ဟန်ချင်းနှင့်ဒဲ့တိုးလေတော့သည်။ တစ်ဖက်လူကသူထင်ထားသလို အလှလေးတစ်ယောက်ကိုပွေ့ချီမလာသလို တစ်လောကလုံးကိုပိုင်ဆိုင်ရသည့်မျက်နှာထားဖြင့် တစ်စုံတစ်ယောက်လက်ကိုဆွဲလာခြင်းမျိုးလည်းမရှိပါချေ။ မြောက်ကြွမြောက်ကြွခြေလှမ်းနှင့် အတောက်ပဆုံးပြုံးကာ ပိုင်လီထျန်းဆီသို့အေးအေးလူလူလျှောက်လာရုံသာရှိ၏။

ဒီပြီတီတီရုပ်ကဘာလဲ? သူအောင်မြင်ခဲ့တာလား မဟုတ်တာလား?

"မင်းတွေ့ခဲ့ပြီလား?"

မျက်မှောင်တစ်ချက်ကြုံ့၍မေးလာသော ပိုင်လီထျန်းအမေးကို သွမ့်ဟန်ချင်းက စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြလေသည်။ မျက်ဝန်းများကတောက်ပနေသည်မှာ ခွေးပေါက်လေးတစ်ကောင် သခင်ကိုပြန်တွေ့သည့်အလား။ ထိုပျော်ရွှင်မှုက ပိုင်လီထျန်းကိုပါထပ်တူပြုံးစေသော်လည်း တစ်ချိန်တည်း၌ ချဉ်စုတ်စုတ်ခံစားမှုကိုပေးနေပြန်ပါသည်။

ထားပါတော့လေ။ သူ့မိန်းမကတခြားတစ်ယောက်ကြောင့် ဒီလိုပြုံးပျော်နေပေမဲ့ သဘောထားကြီးတဲ့ကျုန်းလိဘုရင်ကြီးကပဲခွင့်လွှတ်ပေးရတော့မှာပေါ့။

"မင်းကိစ္စရောပြီးပြီလား?"

သွမ့်ဟန်ချင်းမေးလာသည်ကို ပိုင်လီထျန်းခေါင်းညိတ်သည်။ ၎င်းကပြီးပြီဟုပြောလို့ရသည့်အနေအထားပါပင်။ အရေးပေါ်အနေဖြင့် ဖုန်းရွှယ်ပိုင်၏ဒဏ်ရာများကိုကုသပေးပြီးပြီမို့ ကောင်လေးသက်သာလာစေရန်နှင့် ကျန်သည့်ကိစ္စများအား ရှောင်ဖုန်းကိုအပ်ထားလိုက်ရုံသာတတ်နိုင်သည်။ သေချာပေါက် သူကိုယ်တိုင်ယောက်ဖတော်ကို သွားတွေ့ခြင်းတော့မဟုတ်ရပါချေ။ အမိန့်တော်ပါသည့်စာတစ်စောင်ကိုယူ၍ တစ်အိမ်ထဲအတူရှိနေသည့်လူထံ ခိုစာပို့လိုက်ရသည်က ကြားလို့ပင်သိပ်မကောင်းလှ။

မည်သို့ပင်ဆိုစေကာမူ ဖုန်းရွှယ်ပိုင်ကိုကယ်တင်မည့် သူ့အစီအစဉ်ကပြီးပြတ်ချေပြီ။ ဝမ်ဖေးတစ်ယောက်အနေဖြင့် သာမာန်ကယ်တင်လာသည့်လူတစ်ယောက်ကို တောင်းဖို့ကလည်းသိပ်ခက်ခဲမည်ဟုသူမထင်။ ထို့အပြင် ဖုန်းရွှယ်ပိုင်၏အနေအထားအရ ၎င်းဖင်းယန်မင်းသားတစ်ပါးဖြစ်ကြောင်း ထုအာသံတမန်များကလည်းသိပုံမပေါ်ပါချေ။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now