Part 8

982 118 0
                                    

CHAPTER (8)

အိပ်မက်မက်နေသည့် အလား ဝမ်ကျူးကွေ ခံစားနေမိသည်။ မိမိကိုယ်ကိုယ်ကို အားထည့် ဆွဲဆိတ်လိုက်သောအခါ အမှန်တကယ် နာကျင်မိသဖြင့် "အား"ကနဲပင် ယောင်ယမ်းမိခဲ့၏။ ဤသည်မှာ အိပ်မက်တစ်ခု မဟုတ်သည်ပင်။ သို့သော် အိပ်မက်သာ မဟုတ်ခဲ့ပါက လက်ရှိ မိမိမျက်စိရှေ့၌ မြင်နေရသည့် အဖြစ်အပျက်များကို မည်သို့ရှင်းပြရပါမည်နည်း။ တခဏအတွင်း မိမိ၏ နောက်လိုက်နောက်ပါများ မြေပေါ်၌ အတုံးအရုန်း လဲကျနေခဲ့သည်။ လက်သည်ကမူ ကျောက်လှေကားထစ် တစ်ထစ်အပေါ် ခြေတင်လျက် ၎င်းကိုယ်၎င်း ဖုတ်ခါနေခဲ့ရာမှ ဝမ်ကျူးကွေ စိုက်ကြည့်နေသည်ကို ခံစားမိသဖြင့် မော်ကြည့်လာသည်။ စူးရှကြည်လင်သော မျက်ဝန်းတစ်စုံကြောင့် ဝမ်ကျူးကွေ ဆံပင်များပင် ထိုးထောင် ထလာမိသယောင်။

ဤကဲ့သို့ ဟယ်ယန်မျိုးကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ ယခင်ဟယ်ယန်သည် ဤသို့မဟုတ်။ ထိုမိန်းမပျိုသည် လှပ၏။ ရက်စက်၏။ လောဘကြီး၍ အင်မတန် မာနကြီးကာ သူတပါးအပေါ် အနိုင်ယူ အမြတ်ထုတ်ရသည်ကို နှစ်ခြိုက်၏။ ထိုကဲ့သို့ မိန်းမမျိုး မြို့တော်အနှံ့ အများအပြား ရှိနေပြီး ၎င်းတို့အများစုမှာ ကျောထောက်နောက်ခံမရှိဘဲ မောက်မာရင့်သီးနေကြသည့် မိန်းမများ ဖြစ်ကြသည်။ ကျောရိုးအင်အား အနည်းငယ်တောင့်တင်းသည့် မိသားစုမှ ပေါက်ဖွားလာသူများသည် မောင်းမ၊ ကြင်ရာတော်များ အဖြစ်သို့ ရောက်ရှိခဲ့ကြပြီး မျိုးရိုးမကောင်းသူများမူ သာမန်လူနှင့်သာ အိမ်ထောင်ကျနိုင်ကြပြီး ဝမ်းနည်းဖွယ်ဘဝမျိုးကို ဖြတ်သန်းခဲ့ကြရသည်။ ဟယ်စွေ့မှ သမီးဖြစ်သူ ဟယ်ယန်ကို သခင်မလေးတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခဲ့ပြီး ဟယ်ယန့်ဘဝတစ်လျှောက်၌ လည်း ချွန်ထက်သော လက်နက်ဟူသည် အပ်တစ်ချောင်းပင်ကိုင်ဖူးခဲ့ခြင်းမရှိ။ သူ၏လက်ချောင်းများသည် ဒုံမင်းတီးခတ်ခြင်းသို့မဟုတ်၊ ပန်းချီဆွဲခြင်းသာလုပ်ဆောင်ဖူးသည့် လက်များဖြစ်သည်။ မည်သို့ဆိုစေ ထိုလက်တစ်စုံသည် လူတစ်ယောက်အား ရိုက်နှက်ခဲ့ဖူးခြင်း မရှိသည့် လက်တစ်စုံသာ ဖြစ်၏။

သို့သော် ယခုအခါ၌ ဟယ်ယန်တစ်ယောက် လက်သီးကျစ်ကျစ်ဆုပ်၍ ဘေးပတ်လည်ဝိုင်းနေသည့် ယောက်ျားများကို အားဖြင့် ထိုးကြိတ်နေခဲ့သည်ကို ဝမ်ကျူးကွေမြင်ခဲ့သည်။ ထိုမတိုင်ခင် မိမိခန္ဓာကိုယ်တစ်ခုလုံး ကျင်ကနဲ မခံစားမိခဲ့မီ ဟယ်ယန်မှ ၎င်း၏လက်မောင်းကို ဖမ်းဆွဲ၍ ချုပ်ညှစ်ပစ်ခဲ့သည်ကို အမှတ်ရမိသည်။ ထိုလက်ချောင်းများ၌ မည်သို့သော ခွန်အားများ ခိုအောင်းလာခဲ့ပါသနည်း။ ပုဆိန်ထက်ပင် ထက်လိုက်ပုံနှယ်။ ကြောက်ဖို့ကောင်းလွန်းလှသည့် အမျိုးသမီးပင်။ မည်ကဲ့သို့ ဆေးမျိုးများ စားမိခဲ့သဖြင့် ဤကဲ့သို့ ညတွင်းချင်း သန်မာလာခဲ့ရပါသနည်း။ သူ့ထက်သန်သည့် ယောက်ျားဆယ်ယောက်ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်ပင်။ ဝမ်ကျူးကွေ အော်ငိုချင်လာခဲ့သည်။ ထိုမိန်းမပျိုမှ သူထံဦးတည် လျှောက်လှမ်း လာသည်ကို မြင်သော် မည်သို့ ငိုယိုအသနားခံရမည်ကို မစဉ်းစားတတ်လောက်အောင် ဖြစ်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now