Part 9

967 115 0
                                    

CHAPTER (9)

လီတုန် လောင်းကစား အိမ်တော်အဝင်ဝ၌ ပန်းဆံထိုး ပန်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှ ဟယ်ယန့်ကို ဟန့်တားလိုက်ပြီး

"သခင်လေး ဒါက လောင်းကစားအိမ်တော်ပါ"

"ကျုပ်သိတယ်"

ဟယ်ယန် ခေါင်းငြိမ့်ပြပြီး ငွေစနှစ်စကို အင်္ကျီလက်အတွင်းမှ ထုတ်ယူပြီး ထိုအမျိုးသမီးအရှေ့၌ ဝှေ့ယမ်းပြကာ

"ကျုပ် ဒီကို လောင်းကစား လုပ်ဖို့လာတာ"

ထိုအမျိုးသမီး ဆွံ့အသွားခဲ့ပြီး စကားဆက်မပြောနိုင်ခဲ့မီ ဟယ်ယန်မှ လောင်းကစားအိမ်တော်အတွင်း ဝင်ရောက်သွားနှင့်ခဲ့ပြီး ဖြစ်သည်။ လောင်းကစားအိမ် အဝင်ဝရှိ အမျိုးသမီးများသည် လောင်းကစား လာဘ်ခေါ်သူများ ဖြစ်ပြီး လီတုန်လောင်းကစားအိမ်သို့ ရောက်ရှိလာသည့် ဧည့်ပရိတ်သတ် အပေါင်းသည်လည်း သူဌေးသူကြွယ်များသာ ဖြစ်သဖြင့် ဤ‌အိမ်တော်အတွင်း ငွေစဟူသည် အဖိုးမတန်ပေ။ ထို့ကြောင့် အိမ်တော်၌ အလုပ်လုပ် ကိုင်နေကြသူများသည် ခွဲခြားဆက်ဆံ တတ်ကြ၏။ ဦးစွာ ဆိုသော် လူချမ်းသာတစ်ဦး အသွင်မရှိသည့် သူများသည် အိမ်တော်အတွင်း ဝင်ခွင့်မရှိ။ အကြောင်းမူ ၎င်းတို့သည် ပန်းထိုးကော်ဇာကို ညစ်ညမ်းစေနိုင်သောကြောင့် ဖြစ်ပြီး ဒုတိယတစ်ချက် အနေဖြင့် သူဆင်းရဲများသည် ငွေကို အလွန်အလေးထားကာ အဆုံးရှုံး မခံနိုင်သောကြောင့် ဖြစ်သည်။ ငွေဆုံးရှုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်‌ငိုကြွေး တတ်ကြပြီး ငွေပေးရန်လည်း ငြင်းဆန် နေတတ်ကြသည်။ ၎င်းတို့၏ ထိုအပြုအမူများသည် အိမ်တော်အတွင်းရှိ လူကုံထုံသူကြွယ်များကို စိတ်နှလုံးမသာမယာ ဖြစ်စေပြီး ရတာထက် ပိုဆုံးရှုံးစေနိုင်သည်ပင်။

ဟယ်ယန့် အဝတ်အစားများသည် နွမ်းဖတ် အရောင်လွင့်နေသဖြင့် သူကြွယ်မိသားစု သခင်လေးတစ်ဦးနှင့် မတူသည်မှာ အလွန်သိသာနေခဲ့သည်။ ကံမကောင်းစွာဖြင့် လောင်းကစား လာဘ်ခေါ် မမလေးသည် ဟယ်ယန်ကို အချိန်မီ မတားဆီးနိုင်ခဲ့လျက် ဟယ်ယန်သည်လည်း မဖိတ်ခေါ်ဘဲ ဝင်ရောက်သွားနှင့်ခဲ့ပြီး ဖြစ်သည်။ လောင်းကစားအိမ်တော်၌ လူများ ပြည့်ကြပ် စည်ကားလို့ နေသည်။ လူတိုင်း၏မျက်နှာသည် နီမြန်းနေသည်။ အနိုင်ရသူများ၏ မျက်နှာ၌ အားရကျေနပ်မှုတို့ အတိုင်းသား ပေါ်လွင်လို့နေပြီး ဆုံးရှုံးသူမျက်နှာများမူ မဖြည်နိုင်မဆည်နိုင် ဖြစ်လို့နေသည်။ ငွေလဲ လက်မှတ်တစ်ထပ်ကို ထုတ်ယူပြီး ထပ်မံ အော်ဟစ်လိုက်ကြပြန်သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now