Part 1

1.3K 75 1
                                    

အပိုင်း (၁) လခြမ်းကျောက်စိမ်းဆွဲပြား

ကျွန်မနာမည်က စူးမြောင်အာ။ သာမန်တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကျွန်မမှာနောက်ထပ် နာမည်ပြောင်တစ်ခုရှိသေးတယ်။ အဲဒါကတော့ အပနှင်သူတဲ့လေ။ ပြောရရင်တော့ ကျွန်မကခေတ်ပေါ်ယဉ်ကျေးမှုနဲ့ ခေတ်ဟောင်းအလုပ်ကို နှစ်မျိုးပေါင်းပြီး အလုပ်လုပ်နေတဲ့သူပေါ့ရှင်။

ထားပါ... ရှင်တို့ ကျွန်မကို ခေတ်သစ်အပနှင်သူလို့ပဲ ခေါ်ကြပေါ့။

ခေတ်သစ်အပနှင်သူဖြစ်တဲ့ ကျွန်မကတော့ လွန်ခဲ့တဲ့ တစ်ပတ်တုန်းကပဲ ကံဆိုးမိုးမှောင်ကျပြီး ဝိညာဉ်တစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီးပြီ။

ဇာတ်လမ်းလေးက ဒီလိုစတယ်။

စူးမြောင်အာ၏ မိဘနှစ်ပါးသည် စူးမြောင်အာ ကလေးအရွယ်ထဲက ယာဉ်မတော်တဆမှုဖြင့် ဆုံးပါးသွားကြသည်။ ထို့ကြောင့် စူးမြောင်အာ ပေါက်စလေးကို အပနှင်သူအဖြစ် အသက်မွေးဝမ်းကြောင်းပြုသော ဦးလေးကသာ ကျွေးမွေး စောင့်ရှောက်ခဲ့သည်။ အစောပိုင်းနှစ်များက စူးမြောင်အာ၏ ဦးလေးဖြစ်သူသည် မတောက်တခေါက် အပနှင်သူတစ်ဦးသာ ဖြစ်ပြီး ကျွမ်းဘား ပြဇာတ်ရုံမှ အလုပ်သမားတစ်ဦးအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်စားသောက်ခဲ့သည်။ သို့သော် ကျွမ်းဘားပြဇာတ်ရုံတွင် လုပ်ကိုင်ခဲ့သည့် နှစ်များအတွင်း အပနှင်ခြင်းနှင့် သက်ဆိုင်သော ပညာရပ်များကို အကျွမ်းကျင်ဆုံးအဆင့်ထိ ရောက်အောင် လေ့လာခဲ့ပြီး ယုံကြည်သူတို့၏ ကူညီပံ့ပိုးမှုကြောင့် ဒေသတွင်း နာမည်အကြီးဆုံး အပနှင်ဆရာတစ်ဦး ဖြစ်လာခဲ့သည်။

လွန်ခဲ့သော တစ်ပတ်ခန့်က စူးမြောင်အာ၏ ဦးလေးထံသို့ အလွန်အရေးကြီးသော အလုပ်တစ်ခု ရောက်လာသည်။ ယင်းကား ပြည်တွင်းအိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် ထူးဆန်းသော အနှောင့်အယှက်များနှင့် ကြုံတွေ့နေရပြီး ဆောက်လုပ်ရေး လုပ်ငန်းရပ်ထားရသည့်အပြင် အမှုအခင်းများလည်း ဖြစ်လာသည်။ အဆိုးဆုံးမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်၏ အိမ်ထဲသို့ မည်သူမည်ဝါ ပစ်မှန်းမသိသော ခရမ်းချဉ်သီးပုပ်များ နေ့စဉ်နေ့တိုင်း ပြုတ်ကျလာခြင်းပင်။

တစ္ဆေသတို့သားWhere stories live. Discover now