Part 34

296 28 3
                                    

အခန်း(၃၄)-ဘိုးဘွားခန်းမ

တံခါးပွင့်သွားသည်နှင့် အေးတိအေးစက် လေအေးများက မျက်နှာကို အလုအယက် ရိုက်ခတ်လာသည်။ထူးဆန်းသည်မှာ ထိုလေအေးများသည် သာမန်လေအေးမျိုးမဟုတ်ဘဲ ရိုးတွင်းခြင်ဆီအထိပါ စိမ့်သွားရလောက်သည်အထိ အေးစက်နေခြင်းဖြစ်ပြီး မည်သူကိုမဆို စိတ်မသက်မသာဖြစ်စေနိုင်သည်။

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။

"ဘုတ်... ဘုတ်... ... "

တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံနှင့်အတူ ထူးဆန်းသော အသံများပါ ထွက်လာသည်။ ထိုအသံက တိတ်ဆိတ်ပြီး ချမ်းအေးသော ညတစ်ညတွင် ကြားရသူတိုင်းကို အထီးကျန်ဆန်ပြီး စိတ်အားငယ်စေသည်။

"ဘာ... ဘာအသံလဲ"

ကျော့ရှောင်ချင်းသည် လက်တစ်ဖက်ဖြင့် တစ္ဆေမီးအိမ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် စူးမြောင်အာ၏ လက်ကို ဆုပ်ကိုင်ကာ စူးမြောင်အာ၏ အနောက်တွင် ပုန်းနေသည်။ ဝင်ရောက်ခွင့် တားမြစ်ထားသော ဘိုးဘွားခန်းမသို့ စူးမြောင်အာနှင့်အတူ အရဲစွန့်ပြီး လိုက်ဝင်လာခြင်းကပင် သူမကို အလိုလို ခြောက်ခြားစေသည်။ မူလက စွန့်ပစ်ထားသော ဘိုးဘွားခန်းမသည် သူတို့ရောက်လာချိန်တွင်မှ ဟိုတချွတ်ချွတ် သည်တချွတ်ချွတ် အသံများ ထွက်လာခြင်းကြောင့် ကျော့ရှောင်ချင်းတစ်ယောက် ဆောက်တည်ရာမရဖြစ်သွားသည်။

"အကြောက်တရားကို အနိုင်မပေးမိစေနဲ့... အစ်မတို့ ကိုယ်ရှာစရာရှိတာကို ရှာမယ်... ရှာလို့တွေ့ရင် မြန်မြန်ပြန်ကြမယ်နော် ဟုတ်ပြီလား ... အခု အစ်မနောက်ကို သာ လိုက်ခဲ့"

စူးမြောင်အာသည် ကျော့ရှောင်ချင်းကို နည်းလမ်းမျိုးစုံဖြင့် ကြိမ်ဖန်များစွာ ဖြေသိမ့်ပေးပြီး ဘိုးဘွားခန်းမထဲသို့ ပထမဆုံး ခြေလှမ်းစလှမ်းလိုက်သည်။ ကျော့မိသားစု၏ စံအိမ်ထဲမှ ဘိုးဘွားခန်းမသည် အလွန် ကျယ်ဝန်းပြီး မှောင်ပိန်းနေသော်လည်း အလယ်တည့်တည့်တွင် ရေတွင်းတစ်တွင်းရှိနေသည်ကို မြင်လိုက်ရသည်။ ရေတွင်းနံဘေး ပတ်ချာလည်းကို အနက်ဆေးသုတ်ထားသော အုတ်၊ ကျောက်ခဲများဖြင့် အကျအန တည်ဆောက်ထားသော်လည်း အတန်ငယ် ဟောင်းနွမ်းနေပြီဖြစ်သည်။ အိမ်ဆောက်သည့်အခါ ဖုန်းရွှေပညာရပ်သည် အလွန်အရေးကြီးသည်။ ယခုလို တိုးတက်နေသော ခေတ်သစ်တွင်တောင်မှ ရှေးရိုးအစဥ်အလာများရှိနေခြင်းဟာ ကျော့မိသားစုနှင့် ယှဥ်လျှင်တော့ အထူးအဆန်းမဟုတ်ပေ။

တစ္ဆေသတို့သားWhere stories live. Discover now