UNICODE
အချိန်ကနေဝင်ရီတရောမို့ ကောင်းကင်တစ်ခွင်မှာ သွေးရောင်ခြယ်လျက် ရှိနေတယ်။ ပန်းခင်းထဲမှာ ခြင်ကိုက်လာပြီမို့ ဖတ်လက်စ စာအုပ်တွေကို သိမ်းလိုက်တယ်။ မမှီခဲ့တဲ့သင်ခန်းစာတွေကို အသည်းအသန် ပြန်လိုက်ခဲ့ရပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။ ဆိုင့်အကျင့်က စာလုပ်ပြီဆို ဆိတ်ငြိမ်တဲ့နေရာကို ရွေးလိုက်ရမှ။ တောင်ပေါ်မှာ နေခဲ့တုန်းကလဲ ဘယ်တုန်းကမှ အခန်းထဲမှာ စာမလုပ်ဖြစ်ခဲ့။ မာမားကြောင့် အမြဲဆူပူနေတဲ့အိမ်က နေပျော်ဖွယ် မရှိ။ ဒါကြောင့်ပဲ ညနေစောင်းတိုင်း စာအုပ်တစ်အုပ်ယူပြီး အိမ်အနောက်ဘက်က စမ်းချောင်းလေးရှိရာ အမြဲသွားတတ်ခဲ့တာ။
"ဗျို့... အိမ်ရှင်တို့..."
အသံက မပီဝိုးတဝါးမို့ အိမ်ရှေ့ကို ကပျာကယာ လျှောက်လာမိတယ်။ ဒီအချိန်ကြီး ပန်းဖောက်သည်ယူသူလဲမဟုတ်။ ဘယ်သူများပါလဲ။
"ဗျို့လို့..."
ထပ်ကြားလိုက်ရတဲ့အသံမှာ ခါးထောက်ပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်မိတယ်။ ဒီကောင် ကိုယ့်အိမ်ကိုယ်မနေဘဲ ဘာလာပွေလီပြန်ပြီလဲမသိ။ သော့ခတ်ထားတဲ့ ဝန်းတံခါးနဲ့ အထဲက အသံမပေးဘဲ ငြိမ်နေလိုက်ရင် လက်လျှော့ပြီး ပြန်သွားလေမလား။
"ဗျို့ပါဆို..."
"....."
"ဟောဒီမှာ ဗျို့... ဗျို့... ဗျို့"
မထူးမချင်း ဖင်ကုန်းအော်ဖို့ ဆုံးဖြတ်ထားပုံကြောင့် ဆိုင် လက်လျှော့လိုက်ရတယ်။ မဖိတ်ခေါ်ထားတဲ့ဧည့်သည်က ဆိုင့်ဘဝထဲ ခပ်စိပ်စိပ် နေရာယူလာတယ်။ တစ်နေ့တာရဲ့အချိန်စက်ဝန်းထဲမှာ စန္ဒြကန့်အသံ မကြားရတဲ့နေ့၊ စန္ဒြကန့်မျက်နှာ မမြင်လိုက်ရတဲ့နေ့က လွန်စွာရှားပါးလာတယ်။ သူငယ်ချင်းလို့ အမည်တပ်မထားဘဲ တရွေ့ရွေ့ နီးကပ်လာခဲ့သူ။ ထိုသူက ဦးလေးခြံကို မကြာခဏ ရောက်လာတတ်ပြီး မရိုးနိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ကျောင်းတက်ရက်တွေမှာ ဆိုင့်အနောက်က လမ်းကြုံလိုက်စီးတတ်တယ်။ တွန်းချမရ ဖယ်ခွာမရနဲ့ ဆိုင်မှ တင်မခေါ်ရင် လူယုတ်မာအဖြစ် ဝိုင်းအကြည့်ခံရအောင် ရုပ်ရှင်ရိုက်တတ်ပါသေးတယ်။
YOU ARE READING
"သူ" ခိုမှီနားခွင့် (ခေတ္တရပ်နား)