၃၄ - (UNICODE)

45.1K 3.5K 1.7K
                                    

UNICODE

"ကိုလေး အိပ်အုံးလေ... မနေ့ညက အိပ်ရာဝင်တာ နောက်ကျတဲ့ဥစ္စာ"

"ကိုလေး အိပ်ရေးဝပါပြီကွယ်၊ လုပ်လုပ်... ကိုလေးကို စိတ်မပူနဲ့၊ မြိုင်ကလေး လုပ်စရာရှိတာသာ စိတ်ဖြောင့်ဖြောင့်လုပ်ပါ၊ ကိုလေး အိပ်ရာသိမ်းထားလိုက်မယ်"

အိပ်ရာသိမ်းပေးနေတဲ့ အဓိပတိကို လှည့်ကြည့်လှည့်ကြည့်နဲ့ မြိုင်ကလေးက မီးဖိုဆောင်ဘက် ထွက်ခွာသွားတယ်။ ခဏနေရင် အာရုံဆွမ်းကပ်လှူဖို့အတွက် မြိုင်ကလေး ချက်ပြုတ်ပြင်ဆင်ပါတော့မယ်။

ဇနီးသည်ကိုကူပေးဖို့ အခန်းပြင်ထွက်လာတော့ သားလတ်နဲ့သမီးလတ်အခန်းက ငြိမ်သက်နေကြတုန်း။ ခမျာလေးတို့မှာ ပင်ပန်းရှာကြတယ် မဟုတ်လား။ ပေလွှာလေးဆိုလဲ အသက်ကလေးဖြင့် နုနုငယ်ငယ်လေးရှိသေး၊ ကျောင်းတစ်ခုလုံးကို အုပ်ချုပ်နေရသူမို့ စိတ်အားဖြင့်ကော လူအားဖြင့်ပါ ပင်ပန်းရှာပါတယ်။

သားလတ်လင်္ကာရဆိုလဲ အလုပ်ကိုကျားစီးဖားစီး လုပ်လိုက်တာမှ တားလို့တောင်မရ။ အရွယ်ကောင်းလေးမို့ သင့်တော်တာလေးများမြင်ရင် နေရာချထားပေးချင်ပေမဲ့ ဒင်းကလေးက လက်မခံ။ ငယ်စဉ်အခါမှာ ပြောဖူးတာက တစ်နေ့နေ့ကျရင် တောကျောင်းငယ်လေးတစ်ခုမှာ ရဟန်းအဖြစ်နဲ့ အရိုးထုတ်သွားချင်ပါတယ်ဆိုလို့ မိနဲ့ဖမှာ အံ့လဲအံ့ဩ ဝမ်းသာမျက်ရည်လဲလည်ခဲ့ရတယ်။

ဒီလိုဆို ဘာကြောင့်များ အလုပ်ကို မနားမနေ လုပ်နေရသလဲမေးရင် အငယ်ဆုံးလေးအတွက်ပါလို့ ရယ်ရယ်မောမော ဖြေရှာတယ်။ ပူတူးငယ်ငယ်ကဆို လင်္ကာရကုပ်ပေါ် အမြဲခွတက်နေတတ်ပြီး ညီအစ်ကိုနှစ်ယောက် ကျီစယ်ကြလေတိုင်း လင်္ကာရက တစ်နေ့ကျ ဘုန်းကြီးဝတ်မဲ့အကြောင်း သူ့ညီလေးကို ပြောပြရင် ပူတူးက ပြောလေ့ရှိတယ်။

"ဘုန်းကြီးဝတ်ချင်ရင် စုမိဆောင်းမိအောင် အရင်လုပ်ရမယ်" တဲ့။ ဘာဖြစ်လို့လဲလို့များ မေးလိုက်ရင်...

"ဟော... ပူတူးကို အမွေပေးခဲ့ပြီးမှ ဝတ်လေ၊ ပူတူးက အမွေရဖို့ အသင့်အနေထားနဲ့ တာဝန်ကျေသလို အကာကလဲ အစ်ကို့ဝတ်ကို ကျေပွန်ပြီးမှ ဝတ်ရမယ်လေ" လို့ နှုတ်ခမ်းတလန်ပန်းတစ်လန် ပြောတတ်ပါတယ်။

"သူ" ခိုမှီနားခွင့် (ခေတ္တရပ်နား)Où les histoires vivent. Découvrez maintenant