ZAWGYI
"မြည်းကြည့်ပါအုံး သားရယ်၊ ဘာများလိုအုံးမလဲလို့"
မေမေ ချက်နေတဲ့ ငါးဘတ်အူဟင်းက နတ်သုဒ္ဓါအလား။ သားသမီးတွေကို ဟင်းမြည်းခိုင်းတတ်တဲ့ မေမေ့အမူအကျင့်လေးက ချစ်စဖွယ်။ ဆိုင်ကတော့ ငယ်စဉ်ကတည်းက ကန့်အနား မဟုတ်ရင် မေမေ့အနားသာ ကပ်နေတတ်သူမို့ များသောအားဖြင့် မေမေ ချက်သမျှ ဟင်းတွေကို ဦးဆုံး မြည်းစမ်းရသူပါပဲ။
"ကောင်းတာပေါ့ မေမေ၊ မေမေ့လက်ရာပဲဟာ"
"အပေါ့အငန်ကော အတော်ပဲလား သား"
"အတော်ပဲ မေမေ၊ မေမေ ချက်သမျှ အစပ်အဟပ် တည့်ပြီးသားပါပဲ"
လှိုက်လှဲစွာ ဖြေလိုက်တော့ ဆိုင့်ကို ငေးငေးကလေး မော့ကြည့်နေတယ်။ ဒီလိုမျိုး မကြာမကြာ ကြည့်တတ်ပုံလေးက မျက်စိအောက်က ထပ်ပျောက်သွားမှာ စိုးရွံ့တဲ့အလား။
"သား ဒီမှာ ရှိနေပါတယ် မေမေ"
လက်ဖမိုးလေးကို ဆုပ်ကိုင်ပြီး နှစ်သိမ့်လိုက်တော့ မေမေက ခေါင်းညိတ်တယ်။
"မေမေ့သား မေမေတို့အိမ် ပြန်ရောက်လာပြီဆိုတာ မေမေ့အတွက် အိပ်မက်လို ဖြစ်နေတုန်းပဲကွယ်"
တိုးတိမ်သွားတဲ့ အသံလေးကြောင့် မေမေ့ကို ပွေ့ဖက်လိုက်မိတယ်။
"သား မှတ်မိလား၊ သားတို့ ငယ်ငယ်ကဆို မုန့်ဟင်းခါး သိပ်ကြိုက်ကြတာ၊ အိမ်မှာ မုန့်ဟင်းခါး ချက်စားပြီဆို သားတို့နှစ်ယောက် ဗြောင်းဆန်အောင် ပျော်နေတတ်တာ၊ လူကြီးတွေ စားသလို ငရုတ်သီးတွေ လိုက်ထည့်စားတဲ့ တစ်ရက်က နှစ်ယောက်သား သီးလို့ငိုကြတာ မေမေဖြင့် မမေ့နိုင်ပါဘူးကွယ်"
ဆိုင် ခေါင်းညိတ်ပြလိုက်မိတယ်။
"ဘာကိုမှ မမှတ်မိသေးတဲ့ ကာလတွေမှာတောင် မုန့်ဟင်းခါးဟင်းရည်အနံ့ကို ရတိုင်း သားရင်ထဲ တစ်ဆို့ဆို့ကြီး ဖြစ်နေခဲ့တာ၊ တကယ်တော့ သားနှလုံးသားက မေမေတို့ရင်ခွင်ကိုပဲ တမ်းတနေခဲ့တာပါ၊ မေမေ့ကို သား ပြောပြဖူးတယ်လေ၊ ပူတူးနဲ့သား ထောက်ကြန့်က မုန့်ဟင်းခါးဆိုင်မှာ ကတောက်ကဆတ် ဖြစ်ခဲ့ကြတဲ့အကြောင်း..."
YOU ARE READING
"သူ" ခိုမှီနားခွင့် (ခေတ္တရပ်နား)