Episode Twelve

2.6K 329 44
                                    


အထူးတလည် ပျော်ရွင်စရာတွေ မရှိခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ South Korea's First Female News Anchor ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တုန်းကတောင် ဒီလောက်ထိ မြူးတူးမနေခဲ့ဘူးဆို ယုံနိုင်မည်လား။ ရင်ဘတ်အပေါက်ကြီးနဲ့ ရှင်သန်ခဲ့ရသူမို့ သေချာပေါက် ပျော်ခဲ့ရတယ်ဆိုပေမယ့်လည်း တခုခုလိုအပ်နေသလိုမျိုး ဟာတာတာခံစားချက်တွေနဲ့သာ။ ပြုံးနေရင်းနဲ့ သူသာရှိနေရင်ဆိုတဲ့အတွေးက ဖျက်ခနဲ သတိဝင်လာတဲ့အခါ မှိုင်သွားတက်တာမျိုးပေါ့။

ဒီနေ့တော့ ဆန့်ကျင်ဘက်လို့ပဲ ဆိုရလေမလား။ ယာယာ့ကို အလုပ်လိုက်ပို့ပြီး အိမ်ပြန်လာသည်အထိ တလမ်းလုံးလဲ သီချင်းလေး တအေးအေးနဲ့။ အိမ်ပြန်ရောက်လို့ ထမင်းဟင်းတွေ ပြင်ဆင်ရသည်အထိ၊ ရေမိုးချိုး အဝတ်အစားလဲပြီးသည်အထိ အပြုံးတွေက ရပ်တန့်မရခဲ့ဘူး။

စိတ်ကူးထဲ တွေးထားမိတဲ့ ယခုလိုနေ့ရက်တွေက ဘယ်လောက်ထိ အကျည်းတန်စရာကောင်းခဲ့လဲဆိုရင် အမှန်တရားတွေကို ပြောပြဖို့အတွက် ကြောက်ရွံ့မိသည်အထိလေ။ ဒေါသထွက်နေတဲ့ အမူအယာတွေနဲ့ အခြေအတင် စကားများရမယ်လို့သာ တွက်ဆထားခဲ့ပေမယ့် တကယ်တမ်းကျတော့ ထိုသို့မဟုတ်ခဲ့ပေ။

"ဘာလို့ထားခဲ့တာလဲ"ဆိုတဲ့ စကားလုံးမျိုးမဟုတ်ဘဲ "ဒီနှစ်တွေထဲမှာရော အဆင်ပြေပြေနဲ့ ရှိခဲ့ရဲ့လားဟင်" တဲ့။ နူးညံ့လွန်းတဲ့ ထိုမိန်းကလေးရဲ့ ခွင့်လွှတ်ပေးနိုင်မှုက ရင်ဘတ်ထဲမှာ စို့စို့နင့်နင့် ခံစားရစေပြန်တယ်။

"ကဲ ပြောစမ်းပါဦး။ အခြေအနေ ဘယ်လိုလဲ"

အိမ်နားက ကော်ဖီဆိုင်လေးတခုမှာပဲ အစ်မနဲ့ တွေ့ရန် ချိန်းလိုက်ပြီး ထိုင်ခုံနေရာမှာ ဖင်တောင် ထိုင်မချရသေး အမေးစကားက ဦးဆုံးထွက်လာတာမို့ မော်ကြွားစွာ ပြုံးလိုက်မိတော့သည်။

"အခြေအနေကလား ..."

"ရပြီ မပြောနဲ့တော့။ နင့်မျက်နှာကြီး မြင်တာနဲ့တင် ငါသိနေပြီ"

"အဲ့လောက်တောင် သိသာနေတာလား"

"ဒီလောက်ထိ ပြုံးဖြီးနေတာကို မသိစရာလား။ ဒါနဲ့ နင် ပြောပြလိုက်တာလား"

Hiraeth Onde histórias criam vida. Descubra agora