စားပွဲပေါ်က ကော်ဖီနှစ်ခွက်က အငွေ့တထောင်းထောင်းထနေသည့်အဆင့်ကနေ အေးစက်သွားသည့်အထိ မည်သူ့ထံကမှ စကား ထွက်မလာ။ တိတ်ဆိတ်အေးချမ်းသည့်နေရာလေးတွင် ဖွင့်ထားသည့် ကော်ဖီဆိုင်လေးပေမို့ ဆိုင်ထဲတွင်လည်း သူတို့နှစ်ယောက် ကလွဲလျှင် ကျန်သည့် တစ်ဝိုင်းနှစ်ဝိုင်းသာရှိသည်။
"ကျွန်တော့်ကို ပြောစရာရှိလို့လား"
တကယ်တမ်း ဝေဖြိုးဆီက ဖုန်းနံပါတ်ပေးဖို့ ပြောခဲ့ပေမယ့် သူ မဆက်သွယ်ရသေးခင်မှာပင် ဖြူနုငယ်က အရင်ဆက်သွယ်လာခြင်းဖြစ်သည်။မျက်စိရှေ့က သူကတော့ အခါတိုင်းကလိုပင် လှပကြော့ရှင်းနေဆဲဖြစ်လေသည်။
"အရင်ဆုံး.. ဖြူ ပြောချင်တာက တောင်းပန်စကားပါပဲ မောင်"
ထိုအသုံးအနှုန်းကြောင့် ရေးရီ မနှစ်သလို မျက်နှာတစ်ချက်ပျက်သွားတာကို ဖြူနုငယ်က ချက်ချင်းသတိထားမိလိုက်သည်။
"တောင်းပန်ပါတယ် ရေးရီ။ ဖြူ ခေါ်နေကျနာမ်စားမို့ "
နောက်အသစ်တစ်ယောက်ကိုလည်း ခေါ်နေကျပဲလားဆိုသည့် ခနဲ့တဲ့တဲ့တွေလည်း ရေးရီ မပြောချင်တော့ပါ။ စင်စစ် သူ ဖြူနုငယ်နှင့်တွေ့ဖြစ်သည်မှာ သမ္ဘာ့စိတ်ကို မတင်မကျဖြစ်အောင်လုပ်ချင်သည့်စိတ်ကလွဲလျှင် သူနှင့်ပတ်သက်သမျှ ချစ်ခြင်းဆိုသည့် ခံစားချက်က မြူတစ်မှုန်မျှတောင်ရှိမနေ။
"ဖြူ ဆက်သွယ်ပေးတာကို လက်ခံပြီးလာခဲ့ပေးတာလည်း ကျေးဇူးတင်ပါတယ်။ ဖြူလေ... ဖြူ တကယ်ကို ရေးရီအချစ်တွေကို စော်ကားမိလို့ နောင်တရတယ်။ဖြူ့အတွက် အကောင်းဆုံးလူက ရေးရီဆိုတာ ဖြူ ခုမှ သိလိုက်ရလို့လည်း သိပ်ကို ဝမ်းနည်းမိတယ်။"
ပြောနေရင်းဖြင့် ဝေ့သီလာသည့် မျက်ရည်စတို့သည် ဖြူနုငယ်၏မျက်လုံးအိမ်ထက်တွင် ဖြစ်တည်သည်။နောင်တရသည်မှာလည်း ဖြစ်တန်ကောင်းပါသည်။ သူ အသစ်တွဲခဲ့သည့် တစ်ယောက်က လုံးဝကိုလူကောင်းဟုတ်မနေဟု ဝေဖြိုးဆီမှ ရေးရီ ကြားမိပြီးသားမလား။
"အဲ့စကားတွေက ခုပြောနေလို့လည်း အသုံးမဝင်ပါဘူး။ကျွန်တော် ဖြူနုငယ်နဲ့ ခု လာတွေ့တယ်ဆိုတာကလည်း အရင်လိုမျိုး အနေအထားနဲ့ပြန်ပတ်သက်ဖို့ မဟုတ်ဘူး။ ဒီအတိုင်း... ပြတ်စဲသွားပြီးရင်တောင် အသိမိတ်ဆွေတွေလို အနေအထားမျိုးနဲ့ ဆက်သွားနိုင်အောင်လို့ပါ။ ဟိုးအရင်ကလို စိတ်မျိုးနဲ့ဆို ဖြူနုငယ်နဲ့ ပြန်တွေ့ရင် ကျွန်တော် ခါးခါးသီးသီး ဖြစ်ခဲ့မှာမှန်ပေမယ့် ခု ကျွန်တော်က အဲ့ဒါထက် ပိုအရေးကြီးတာရှိနေလို့။"
STAI LEGGENDO
ချစ်အတွက် မနက်ဖြန်
Saggisticaအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....