အပိုင်း (၂၂၂) လက်ထပ်ခွင့် (၁)

618 69 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၂) လက်ထပ်ခွင့် (၁)

“မော့ယွီ ကိုယ် ညီမနဲ့ လော့လော့ကို မတွေ့ခင် အရင်တုန်းကဆိုရင် ကိုယ်လေ ကိုယ့်အနာဂတ်က ဘယ်လိုဖြစ်နေမလဲဆိုတာကို တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး”

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို မော့ကြည့်လိုက်၏။ သူမ၏ပုံရိပ်သည် သူ့မျက်ဝန်းနက်ထဲ၌ ထင်ဟပ်နေလေသည်။

“ ညီမတို့နဲ့ မတွေ့ခင်ကဆိုရင် ကိုယ့်ဘဝက အဖြူ၊ အမဲ မီးခိုးရောင်လို့ပဲ၊ ဒါပေမဲ့ ညီမတို့ကြောင့်သာ ကိုယ့် လက်ရှိဘဝက အရောင်တွေနဲ့ စိုပြေလာခဲ့တာ”

လော့လော့သည် သူ့ပါပါးက ဒူးတစ်ဖက်ထောက်ပြီး ထိုသို့စကားပြောနေရသည့် အကြောင်းအရင်းကို အတော်ပင် နားမလည်ဖြစ်နေသည်။ သို့သော် သူ့ မသိစိတ်က ယခုလောလောဆယ် သူစကား မပြောသင့်ကြောင်း ခံစားမိနေ၏။ ထို့ကြောင့် သူသည် နှစ်ယောက်သားကို မနှောက်ယှက်တော့ချေ။

“ မော့ယွီ ၊ လော့လော့ ကိုယ် ညီမတို့ကို ကျေးဇူးတင်တယ်နော် ပြီးတော့ ကိုယ့်ဘဝထဲကို ဝင်လာပေးကြတဲ့အတွက်လဲ ဝမ်းသာမိတယ်”

ယဲ့ဖေးချန်းသည် လက်စွပ်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး

“မော့ယွီ ကိုယ် ညီမကိုချစ်တယ်၊ ကိုယ့်ကို လက်ထပ်နိုင်မလားဟင်”

ထိုအခိုက်တွင် နောက်ဆုံး၌ လော့လော့ နားလည်သွားတော့သည်။ သူသည် သူ့ပါပါး မနက်ခင်းက သတိပေးထားသည့်အရာကို သတိရသွားတော့သည်။ မာမား သဘောတူလိုက်လျှင် နောက်ပိုင်း သူသည် စကားတစ်ခွန်းသာ ပြောပေးရန်လိုလေသည်။

သူသည် ချောင်မော့ယွီ၏မျက်လုံးများထဲ၌ မျက်ရည်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်ကို အာရုံစိုက်ကာ ကြည့်နေမိ၏။

မာမား ငိုတော့မှာလား။ လော့လော့ နားမလည်တော့ဘူးကော။

ချောင်မော့ယွီသည် သူမ၏နှာခေါင်းထဲတွင် မွန်ထူသွားသည်ကို အမှန်ပင်ခံစားလိုက်ရ၏။ သူမ၏အတိတ်ဘဝတွင်ဖြစ်စေ ကမ္ဘာကူးပြောင်းလာပြီးမှဖြစ်စေ သူမသည် လက်ထပ်ခွင့်တောင်းသည့် မြင်ကွင်းမျိုးကို အကြိမ်များစွာမြင်ခဲ့ဖူးလေသည်။ သူမသည်လည်း တစ်စုံတစ်ယောက်က သူမကို ဤသို့စိတ်ကူးယဥ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံရဖို့ စိတ်ကူးကို မျှော်လင့်ခဲ့လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now