အပိုင်း ( ၃ )

142 17 14
                                    

>> Unicode <<
~~~~~~~~~~~~

မန့်ခွန်ကျေးရွာလေးမှာ တောင်ခြေတွင်ရှိပြီး ပြောင်းခင်းများကိုဖြတ်ကျော်လာရသည်။ ရွာလေးမှာ စာသင်ကျောင်း၊ ဆေးရုံနှင့် အလှမ်းဝေးလွန်း၍ ကလေးတွေမှာ စာမသင်နိုင်။ နာမကျန်းဖြစ်နေသူများကလည်း ဆေးရုံကို အလွယ်တကူမသွားနိုင်ကြပေ။

" လာ ညီလေး "

ကိုထူးသာက ဓနိမိုးထားသည့်ကွပ်ပျစ်မှာထိုင်နေရင်း စောကိုမြင်တာနှင့် ကြိုဆို၏။ ကိုထူးသာရဲ့ဘေးမှာ မိန်းကလေးနှစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက်ထိုင်နေသည်။ အကို့ account ထဲကိုဝင်ကြည့်တိုင်း ပုံတွေထဲမှာမြင်နေရတဲ့သူတွေမို့ သူတို့ကိုလည်း စောလည်းမျက်မှန်းတန်းမိသည်။

" ဆိုင်ကယ်စီးတာ မညောင်းဘူးလား "

ကိုထူးသာကပြုံးစစဖြင့်မေး၏။ စောလည်း ရယ်ကျဲကျဲဖြင့်..

" ညောင်းတယ်၊ စီးရတာအကြာကြီးပဲ "

" ဟားဟား.. အစမို့ပါကွာ၊ ဒီမှာ ဒီကောင်က ကျော်သစ်၊ ဟိုဘက်က နိုနိုနဲ့ သီတာ.. သူတို့နှစ်ယောက်ကတော့ ပြန်လိုက်လာလိုက်ပဲ "

" ဟုတ်ကဲ့ ကျွန်တော်ကစောဇေယျာပါဗျ "

အမျိုးသမီးနှစ်ယောက်ကလည်း ပြုံးကာ ခေါင်းညိတ်သည်။ သီတာဆိုသည့်တစ်ယောက်က..

" တို့ထက်ငယ်မယ်ထင်တယ်၊ မင်းအသက်ဘယ်လောက်လဲ "

" နှစ်ဆယ့်လေးနှစ်ပါဗျ "

" တို့ထဲမှာအငယ်ဆုံးပေါ့၊ ဒီကိုမလာခင်က ဘာအလုပ်လုပ်လဲမောင်လေး "

" ကျွန်တော့်သူငယ်ချင်းနဲ့အတူတူ ကော်ဖီဆိုင်ဖွင့်ထားတာအစ်မ၊ အခု ကျန်ခဲ့တဲ့သူငယ်ချင်းက ဆက်ပြီးဦးစီးနေတယ် "

ကိုထူးသာက စောကိုကြည့်ပြီး..

" မိန်းမတွေကိုစိတ်နာပြီးတော့များ မင်းဒီကိုရောက်လာတာလား "

" မဟုတ်ပါဘူးဗျာ.. "

ထိုအချိန် ကွပ်ပျစ်ရှေ့မှာ ဆိုင်ကယ်တစ်စီးရပ်ပြီး ထိုဆိုင်ကယ်မှာ အကိုလည်းပါသည်။ သူတို့အနားကို တစ်လှမ်းချင်းလှမ်းလာတာကိုကြည့်ရုံနှင့် ‌စောရဲ့ကိုယ်လေးမတ်သွား၏။ တစ်ဖက်သတ်အချစ်ဆိုတာလည်း အချိန်ဘယ်လောက်ကြာကြာ ရိုးအီမသွားဘဲ နီးကပ်လာတိုင်း နှလုံးသားကအလိုလျောက်တုံ့ပြန်စမြဲ။

နှလုံးသားရဲ့စကားသံ Where stories live. Discover now