အပိုင်း ( ၅ )

120 11 12
                                    

>> Unicode <<
~~~~~~~~~~~~

ကွပ်ပျစ်ပေါ်က ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းဥတွေအပြင် အထုပ်လိုက်ရှိတဲ့ကြက်သွန်နီတွေက ရွာသားများရဲ့နှုတ်ဆက်လက်ဆောင်။ ဆယ်မိုင်လောက်ဝေးသည့် သူတို့ရဲ့ရွာလေးကိုပြန်ကြတော့မည်ဖြစ်ရာ ခဏတာတည်းခိုခဲ့တဲ့နေရာက ဈာန်တို့အဖွဲ့ကိုနှုတ်ဆက်ရင်း ကျေးဇူးတင်စကားတွေတဖွဖွဆိုနေတော့၏။ မတူညီ‌သောလေယူလေသိမ်းများနှင့် သူတို့ရဲ့စကားသံကို သေချာနားစိုက်ထောင်နိုင်မှ နားလည်နိုင်သော်လည်း အပြုံးများကတစ်ဆင့် နွေးထွေးမှုတို့ကူးစက်စေလိမ့်မည်။

ရွာသားတွေပြန်သွားမှ ကျော်သစ်နှင့်စောဇေယျာတို့ အသီးတွေကို တဲထဲဝင်သိမ်းနေကြ၏။

" ဈာန် ငါတို့ကလေးတွေမသွားခင် တစ်ခုခုလုပ်ကျွေးလိုက်ရအောင်ကွာ "

ထူးသာကပြောတော့ ဈာန်လည်းတကူးတကတွေးမနေဘဲ သယ်သွားကြတဲ့ကန်စွန်းဥတွေသာ မြင်ယောင်လာသည်။

" ကန်စွန်းဥတွေရှိတာပဲ၊ ကြော်လို့ရတယ်လေ "

" ဆီလိုတယ်ကွ၊ ငါဆီမဝယ်ထားဘူး "

" မင်းလုပ်နေကျအတိုင်း လုပ်လိုက်လေ "

" ဟ ! မောင်ထူးသာကို ဒါမျိုးတော့လာမစမ်းနဲ့ "

ချက်ချင်းပဲထရပ်ပြီး ပုဆိုးပြင်ဝတ်နေတဲ့ ထူးသာ ။ ဈာန်ကတော့ သူငယ်ချင်းဖြစ်သူရဲ့အတည်ပေါက်ပုံစံကြောင့် ရယ်နေမိ၏။ သူလုပ်နေကျအတိုင်းဆိုတာ တခြားတော့မဟုတ်။ ရွာထဲမှာ ဆီလိုက်တောင်းခြင်းပေ။ ထူးသာကိုခင်ကြတဲ့ရွာသားတွေကလည်း တစ်ရွာလုံးနီးပါးပဲမို့ မရမှာတော့စိုးရိမ်စရာမလို။

ထူးသာထွက်သွားမှ ဈာန်လည်း အနောက်ကတဲကိုရောက်လာသည်။

" ကျော်သစ် ငါတို့ကန်စွန်းဥကြော်မယ်ဟေ့ "

" ဆီမရှိ‌ဘူးလေ ကိုဈာန် "

" ရတယ် ငါတို့ဆရာကြီးကြိုးစားနေတယ် "

ကျော်သစ်ကလည်းရယ်လျက် ကန်စွန်းဥတွေထည့်ထားတဲ့နှစ်အိတ်ကိုဆွဲပြီး နောက်ဖေးရေကပြင်ယူသွား၏။ တဲထဲမှာ စောရှိနေပေမဲ့ ဈာန် သူနှင့်စကားမပြောဖြစ်။ မပြောတာမှ တစ်ပတ်လောက်ရှိတော့မည်။ ကြုံမှာတစ်ခွန်းစ ၊ နှစ်ခွန်းစသာပြောဖြစ်ပြီး ဈာန်လည်း ကိုယ့်အလုပ်နှင့်ကိုယ်။ စောကလည်း သူပြောထားသည့်အတိုင်း မနက်မိုးလင်းတာနှင့်ချက်ပြုတ်နေရပြီး တစ်ခါတရံကလေးများအတွက်ပါ သူပဲချက်ပေးရသည်။

နှလုံးသားရဲ့စကားသံ Where stories live. Discover now