အပိုင်း ( ၇ )

124 18 25
                                    

>> Unicode <<
~~~~~~~~~~~~

" မန်ဇိုင်းလမ်းမှာလေ ဒီအချိန်ဆိုရင် တောင်ဇလပ်တွေစွေးစွေးနီလို့ "

" အားတဲ့နေ့ ကျွန်တော့်ကိုလိုက်ပြပါလား ကိုကျော်သစ် ၊ ကျွန်တော်ကြားပဲကြားဖူးပြီး အပြင်မှာမမြင်ဖူးလို့ "

" မင်းမပြန်ခင် လိုက်ပို့မယ်လေ၊ ဆိုင်ကယ်ရှိတာပဲ "

သက်ငယ်မိုးထားတဲ့ယာယီတဲလေးထဲ ကြားနေရတဲ့စကားသံတွေ။ စောက ကျော်သစ်ကို တောင်ဇလပ်တွေလိုက်ပြဖို့ပြောနေခြင်းပေ။ တဲအမိုးပေါ်မှာ ဝါးကပ်တွေစီနေရာက သူတို့စကားတွေကို ဈာန်လည်းကြားနေရသည်။

တဲအပြင်ရောက်လာသည့် စောဇေယျာက အပေါ်မော့ကြည့်ပြီး သူ့ကိုမြင်တော့ မျက်နှာကပြုံးစစ။ ပုဆိုးခါးထောင်းကျိုက်ထားတဲ့ ဈာန်လင်းရဝေကတော့ ကောင်ငယ်လေးကိုသတိမထားမိသေး။ မိုးရွာစဉ်က လေတိုက်၍လန်သွားတဲ့တဲအမိုးကို ပြုပြင်တဲ့အရေးမှာ အာရုံစိုက်နေ၏။ ဤတဲဟာ ကလေးများ စာလာသင်ကြ၊ လာဆော့ကစားကြတဲ့ အိုအေဆစ်လေးဖြစ်၍ ပစ်ထားလို့မရချေ။

" အကို "

စောရဲ့ခေါ်သံကြောင့် အောက်ကိုပြန်ငုံ့ကြည့်ပြီး မေးဆတ်ပြသည်။

" ထမင်းလာစားတော့လေ၊ အကို့ကိုစောင့်နေတာ "

" ကိုယ်လက်စသတ်လိုက်ဦးမယ်၊ မင်းတို့အရင်စားနှင့်တော့ "

ဈာန်ပြောလိုက်ပေမဲ့ စောကတော့ တဲထဲပြန်ဝင်မသွား။ အနီးနားကအပင်တွေလိုက်စူးစမ်းလိုက်၊ ဈာန့်ကို‌လည်းမော့မော့ကြည့်လိုက်နှင့် ထမင်းစားဖို့ စောင့်နေသေး၏။ ကိုယ့်ကိုစောင့်ဆိုင်းနေတာသိတော့ ဈာန်လည်း ခပ်မြန်မြန်လက်စသတ်ရသည်။ အရွက်တွေနှင့်ဝါးကပ်တွေအားလုံးတညီတညာတည်းဖြစ်မဖြစ် စစ်ဆေးပြီးနောက် အမိုးပေါ်က ပြန်ဆင်းလာသည်။

ချက်ချင်းဆိုသလို အနားရောက်လာတဲ့စောဇေယျာက သူ့တစ်ကိုယ်လုံးကိုအစုန်အဆန်ကြည့်ရင်း..

" အကိုကတော်တော်မိုက်တာပဲ "

" ဘာကိုလဲ "

" အကုန်လုံးပဲ.. အကုန်လုပ်တတ်တာလည်းမိုက်တယ်၊ ပြီးတော့... အကို့ဘော်ဒီကလည်းမိုက်တယ် "

နှလုံးသားရဲ့စကားသံ Where stories live. Discover now