1

408 63 5
                                    

Unicode

"အရှင်မင်းသမီး...လေစိမ်းတွေတိုက်ပါတော့မယ်။ အထဲဝင်ပါတော့။"

"အင်း...လာခဲ့မယ်။"

ဆယ်လီယာ အင်ပါယာ၏ ဆယ်လီယာ နန်းတော်ကြီးရှိ နန်းဆောင်တစ်ခုတွင်ဖြစ်သည်။ ဖြောင့်စင်းနေသည့် ရွှေရောင်ဆံနွယ်တွေပေါ်မှာ မြကျောက်တွေနှင့် စီခြယ်ထားသည့် ငွေသရဖူတစ်ခုကို ဆင်မြန်းထားသည့် မိန်းမလှလေး။ ပြေပြစ်သည့်နဖူး၊ ဇင်ယော်တောင် မျက်ခုံးတွေနှင့်အတူ ဖီးနစ်လိုမျိုးစူးရှနေသည့် ငွေမှင်ရောင်မျက်ဝန်းတွေ၊ နှာတံစင်းစင်းလေးနှင့် ပနံသင့်လှသည့် နှာခေါင်းလုံးလုံးလေးနှင့် နှင်းဆီပန်းသဖွယ် နီစွေးစွေးနှုတ်ခမ်းတို့နှင့် အင်ပါယာတစ်ခုလုံး၏ အလှဘုရင်မ ။  တတိယမြောက်မင်းသမီး ဒတ်စ်တနီ။

သို့ပေမဲ့ မှော်ပညာမသုံးနိုင်သည့်အတွက် အသုံးမကျသော မင်းသမီးတစ်ပါး။ အလှဘုရင်မဖြစ်သော်လည်း မိမိကို မချစ်ခင်ပဲ လူတကာနှင့် ဖောက်ပြန်နေသည့် ယောက်ျားတစ်ဦးကို လက်မလွှတ်နိုင်သည့် မင်းသမီး။ လူအများ၏ အသုံးချခံ နယ်ရုပ်တစ်ရုပ်။

ယနေ့တွင်တော့ ထိုမင်းသမီးလေးမှာ အမူအ​ရာတွေ ပြောင်းလဲနေခဲ့သည်။ ဆန်းဆန်းပြားပြားအဝတ်အစားတွေ မဝတ်ထားပဲ မြစိမ်းရောင်ဖဲပဝါနှင့် ဂါဝန်တစ်ထည်ကိုသာ ရိုးရှင်းစွာဝတ်ထားသလို မျက်ဝန်းတွေသည်လည်း ရေသေအလား ငြိမ်သက်လျက် ဝရန်တာမှ ငေးမောနေလေသည်။

ဒတ်စ်တနီသည် နန်းဆောင်ထဲပြန်ဝင်လာပြီး ရေချိုးဆောင်ထဲကိုဝင်လာသည်။ ထို့နောက်ရေချိုးကန်ထဲကို အဝတ်အစားပင် မချွတ်ပဲခုန်ဆင်းလိုက်တော့သည်။

"ဗွမ်း!!"

ခဏအကြာမှာ ရေကန်ထဲမှပြန်တက်လာသည့် သူမှာ မူလက အရပ် ငါးပေနှင့် လေးလက်မသာသာရှိသော မင်းသမီးငယ်တစ်ဦး မဟုတ်တော့ပဲ ခြောက်ပေနှင့်လေးလက်မခန့် မြင့်သော အရပ်အမောင်းရှိသည့် မင်းသားတစ်ဦးပင် ဖြစ်တော့သည်။

ဟုတ်ပါသည်။ သူသည် တကယ်တော့ မင်းသားတစ်ပါး။ ဆယ်လီယာ အင်ပါယာ၏ စစ်မှန်သည့်ဧကရာဇ်လောင်းလျာ။ သို့သော် မွေးဖွားကာစ အချိန်မှာပင် မသမာသူတွေ၏ အာဏာတက်သိမ်းမှုကြောင့် ဧကရာဇ်မှာလည်း နတ်ရွာစံခဲ့သလို မွေးမိခင်ဧကရီမှာ သားဖြစ်သူအပေါ် ကျိန်စာတိုက်ခဲ့ပြီး မိန်းကလေးအဖြစ် ပြောင်းလဲခဲ့သလို သူမတူအောင်ထူးခြားလှသည့် မှော်ပညာစွမ်းအင်တို့ကိုလည်း ချိတ်ပိတ်ခဲ့တော့သည်။

Both Villain And ML Are Mine!!Waar verhalen tot leven komen. Ontdek het nu