Normal Couple ( Unicode ) 6

70 4 0
                                    

နှစ်ဆန်းတစ်ရက်နေ့။ မန္တလာမြေကို နှုတ်ဆက်ရတော့မည်။ သီရိနွယ်နဲ့ မိုးနှောင်းခကိုလည်း အိမ်ပြန်ခေါ်ထားပြီးပြီ။ သူတို့နှစ်ယောက်မလာခင်က မျှော်တလင့်လင့်ဖြစ်နေတဲ့ ငုဝါမောင်က သီရိနွယ်နဲ့ မိုးနှောင်းခတို့ ရောက်လာပြီးတဲ့နောက် မျောက်မှိုင်မှိုင်ကာ တက်ကြွမှုတို့ ပျောက်ကုန်သည်။ ပိတောက်မောင်ကတော့ ပုံမှန်အတိုင်းသာ။ ကံ့ကော်မောင်နဲ့ ငုဝါမောင်သာ မရယ်နိုင် မပြုံးနိုင်ဖြစ်နေသည်။

အတာနွေမှာ စတုဒိသာကျွေးမွေးနေကြချိန် ပိတောက်မောင်က သူ့မွေးနေ့မို့ လှူထားတာကြောင့် ကူညီလုပ်အားပေးနေသော်လည်း ကံ့ကော်မောင်နဲ့ ငုဝါမောင်တို့က တက်တက်ကြွကြွ မပါဝင်နိုင်ကြပေ။ သည်နေ့ နေ့လည်အထိ ရောက်နေတာတောင် နွယ်ဦးမေတစ်ယောက် အတာနွေကို ရောက်မလာသေးပေ။ မျှော်နေသူက မျှော်လွန်းလို့ မောလှပြီ။ မနေ့က သေသေချာချာ ပြောခဲ့ပါသည်။ လက်မခံချင်၍ ဤသို့လုပ်သည်လား။ ဦးနှောက်ထဲတွင် လွန်ဆွဲနေကြသလောက် လူကတော့ မျှော်နေတုန်းပင်။ သည်နေ့မှ ပိုကြာလေသလား။ အချိန်က သူ့ဘာသာသူ ရွေ့လျားနေတာကြောင့် ညနေပိုင်းသို့ ကူးပြောင်းလာသည်။ ကံ့ကော်မောင် ဆက်မစောင့်နိုင်တော့၊ သူကိုယ်တိုင် သွားတွေ့တော့မည်။ ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ခွင့်တော့ ရှိသည်ဟုထင်သည်။

သီရိနွယ်ကိုမေးပြီး နွယ်ဦးမေ၏အိမ်သို့ လိုက်လာခဲ့သည်။ မကျယ့်တကျယ် ခြံဝန်းလေးနဲ့ တစ်ထပ်တိုက်လေးက သပ်သပ်ရပ်ရပ်။ သို့သော် ယခု လူရှိပုံမပေါ်။ ခြံတံခါးက ဘဲလ်ကို နှိပ်လိုက်သည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက် တုံ့ပြန်မှုမရှိ။ ၅ ချက်မြောက်မှာတော့

" ကောင်လေး.... ဒီအိမ်မှာ လူမရှိဘူး "

အသက် ၄၀ ကျော်အရွယ်လောက်ရှိသော ဦးလေးတစ်ယောက်က ကံ့ကော်မောင်အနား ရောက်လာသည်။

" ဒါက နွယ်ဦးမေရဲ့အိမ် မဟုတ်ဘူးလား... လူမရှိဘူးဆိုတော့ ဘယ်သွားကြလို့လဲ "

" ဟုတ်တယ်... နွယ်ဦးမေတို့က မနေ့ကပဲ ရွာပြန်သွားကြတယ် "

ရွာပြန်သွားကြသည်တဲ့လား။ ဘာကြောင့်လဲ။

Fall In Love During THINGYAN ( Completed )Where stories live. Discover now