GL Couple ( Unicode ) 5

85 5 0
                                    

ညနေပိုင်းတွင် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်မှုပြုခဲ့သည့် အာနန္ဒာဂူဘုရားကို ဖူးမြှော်ရန် အလှည့်ရောက်သည်။

' အနုမှာ အာနန္ဒာ ' ဆိုသည့်အတိုင်း အချိုးကျလှပ၍ အနုလက်ရာမြောက်သော ပုဂံခေတ် အနုပညာလက်ရာများကို ချီးကျူးဖွယ်ရာ မြင်တွေ့ရသည့် ဘုရားတစ်ဆူပင်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ‌တွင် ထုလုပ်ကိုးကွယ်ထားသည့် ပွင့်တော်မူပြီးသော ဘုရားရှင်လေးပါတို့၏ ရုပ်တုတော်များကိုလည်း တစ်နေရာတည်းတွင် ဖူးမြှော်ခွင့်ရသည်။

" ဒါကတော့ အရှေ့အရပ်၊ ကောဏာဂမန မြတ်စွာဘုရား၊ ကောဏဂုံမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ပါ... မူလအစကတော့ မလ္လာယုကျွန်းကနေရတဲ့ သရက္ခာန်သားနဲ့ ထုလုပ်ပူဇော်ထားပေမဲ့ အခုကတော့ ရုပ်ပွားတော် မီးသင့်လို့ စံကားသားနဲ့ ပြန်လည်ထုလုပ်ထားရတာပါ "

ဧည့်သည်များက ချစ်ဆုံးနွေ ပြောပြသည်များကို နားထောင်လျှက် ရုပ်ပွားတော်တို့ကို ရှိခိုးဝတ်ပြုကြသည်။ ထို့နောက် တောင်ဘက်အရပ်တွင် ဟိမဝန္တာမှ ထင်ရှူးသားဖြင့် ထုလုပ်ပူဇော်ထားသော ကဿပမြတ်စွာဘုရားရုပ်ပွားတော်၊ အနောက်အရပ်တွင် ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော်။

( ပဉ္စလောဟာဆိုတာ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခဲ သတ္တု ၅ မျိုးစပ်ပြီး သွန်းလုပ်တာလို့ ပြောကြပါတယ်ဗျ )

" ဂေါတမမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကလည်း ကျွန်းသားနဲ့ ပြန်ထုလုပ်ထားရတာ.... မူလရုပ်ပွားတော်က ပဉ္စလောဟာနဲ့ သွန်းလုပ်ပူဇော်ထားခဲ့တာတဲ့ "

မြောက်အရပ်တွင်တော့ ဥဿပဲခူးမှရရှိတဲ့ စံကားသားနဲ့ ထုလုပ်ထားတဲ့ ကကုသန္ဓမြတ်စွာဘုရား၊ ကကုဿန်ဘုရား ရုပ်ပွားတော် စံပါယ်တော်မူသည်။ ရပ်တော်မူရုပ်ပွားတော်များမှာ ၈ ပေမြင့်သော ပလ္လင်တော်ပေါ်တွင် ရှိပြီး ၃၁ ပေနဲ့ ၅ လက်မစီရှိပြီး ပုဂံတစ်ဝိုက် ရပ်တော်မူရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်များဖြစ်ကြသည်။

ရုပ်ပွားတော် တစ်ဆူပြီးတစ်ဆူ ဖူးမြှော်ပြီး ပုဂံခေတ် ဘာသာရေးအဆင့်မြင့်ပုံ၊ အနုပညာအဆင့်အတန်း၊ ဆောက်လုပ်မှု ဗိသုကာအဆင့်အတန်း၊ တွေးခေါ်မှုများကို စဉ်းစားဆင်ခြင်မိကြသည်။ ဘုရားစင်္ကြံအတွင်း အလင်းပေးထားပုံ၊ လေဝင်လေထွက်ပြတင်းများ၊ ဘုရားဆင်းတုတော်များအပေါ် အလင်းကျရောက်မှု စသည်များအပြင် ပစ္စယာအဆင့်ဆင့်တွင် ၅၅၀ နိပါတ်တော်ဇာတ်များ၊ နတ်ဗြဟ္မာများ မြတ်စွာဘုရားကို လာရောက်ဖူးမြှော်ကြပုံ၊ မာရ်နတ်က မြတ်စွာဘုရားအား တိုက်ခိုက်ရန်လာကြပုံများ စသဖြင့် ပုံဖော်ထားမှုက လှပသေသပ်စွာ၊ အချိုးကျပြေပြစ်စွာ ချီးမွှမ်းဖွယ်ရာအဖြစ် တည်ရှိနေကြသည်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now