GL Couple ( Unicode ) 3

99 5 0
                                    

မနက်မိုးလင်းသည်နှင့် အိမ်ရှိလူကုန် ပွက်လောရိုက်ကုန်သည်။ ငုဝါမောင်မပါ။ ပြုံးစိစိနဲ့ ပါးစပ်ကို အတင်းစိထားရသဖြင့် မချိုမချဉ်ရုပ်ဖြစ်နေသည်။ အရမ်းကြီးတော့ သတိထားမိလောက်သည် မဟုတ်၊ သို့သော် သတိထားမိသူတွေက ရှိနေသည်။

" အလတ်မ နင်သိပြီးသား မဟုတ်လား "

သူ့ကို အိမ်အပြင်သို့ ကံ့ကော်မောင်နဲ့ ပိတောက်မောင်တို့က ခေါ်ထုတ်လာသည်။ အမေးကိုတော့ မျက်ခုံးပင့်၍ ဖြေလိုက်သည်၊ ဘယ်လိုထင်လဲဟူ၍။ ငုဝါမောင်ပဲလေ..၊ ဒါမျိုးမပါရင် ဘယ်ကိစ္စသွားပါရမလဲ။

" မမက.... "

အစ်ကိုဖြစ်သူ ကံ့ကော်မောင်နဲ့ မောင်ဖြစ်သူ ပိတောက်မောင်တို့က သက်ပြင်းချခြင်းအမှုကို စီစဉ်မထားဘဲ ပြိုင်တူပြုမိသည်။ မှန်ပါသည်၊ သူ့ညီမဖြစ်သော၊ သူ့အစ်မဖြစ်သော ငုဝါမောင်တစ်ယောက်က ဒါမျိုးမှာ ဝင်မပါဘူးဆိုလျှင် ပယောဂဝင်နေလို့ပင် ဖြစ်လိမ့်မည်။ အပြစ်တင်ခြင်းတော့ မရှိကြပါ။ သီရိနွယ်ကိုယ်တိုင် စီစဉ်ပြီး ငုဝါမောင်က လိုက်ကူညီပေးရုံမဟုတ်လား။

အကြတ်နေ့ကတော့ မွေးနေ့လည်းဖြစ်ပြန်၊ သီရိနွယ်ကလည်း ဆိုင်မဆင့်ဗုံမဆင့်နဲ့ မိန်းမခိုးသွားလေတော့ မဏ္ဍပ်ကို ယာယီတာဝန်ယူလိုက်ရသူက နွယ်ဦးမေပင်။ ကူညီပေးမယ့်သူကလည်း အဆင်သင့်ရှိပါရဲ့။ သည်နေ့တွင်တော့ ပြဿနာတွေ ရှုပ်နေတာနဲ့တင် ဘယ်မှထွေထွေထူးထူး မလည်ပတ်လိုက်ရသလို ညပိုင်းတွင်လည်း သင်္ကြန်မိုးက ရွာသွန်းသည်မို့ ဖျော်ဖြေရေးကို နားလိုက်ရသည်။

မနက်ကျလျှင်တော့ ရွှေရောင်ဆန်းသည့် ပိတောက်ဝါတို့ မြိုင်မြိုင်ဝေပြီး ရနံ့ကြိုင်ကြိုင်တို့ လှိုင်လှိုင်သင်းပေတော့မည်။

=======================================

" ကိုကြီး... ပိတောက်ပန်း သွားခူးမလို့လား "

ကံ့ကော်မောင်တစ်ယောက် အစောကြီးထွက်သွားဖို့လုပ်တော့ ငုဝါမောင်က မျက်စိရှင်စွာ ဖမ်းသည်။ ပိတောက်မောင်ကလည်း သူတို့နား ဝေ့ကာပတ်ကာနဲ့ ရောက်လာသည်။

" ဟုတ်တယ်.. ဘာလုပ်မလို့လဲ "

" ငုဝါတို့အတွက်ပါ ခူးခဲ့ပါ့လား "

Fall In Love During THINGYAN ( Completed )Where stories live. Discover now