🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 75
ဂုဏ်သတင်းကျော်စောလာခြင်း (၂)ဂျော့မှာ စွေ့ချီချောင်းအား သူ၏လက်ဖက်ရည်ခွက်ပေါ်မှတစ်ဆင့် အကဲခတ်ရင်း ဤမျှငယ်ရွယ်သော နယ်စားလေးတစ်ဦးက ရုပ်ရည်လည်းခန့်ညားကာ ချမ်းလည်း ချမ်းသာသည်က ရှားလှကြောင်း တွေးနေမိလေသည်။ သူကအကဲခတ်နေရင်း သူ၏မူလလာရင်းအကြောင်းအရင်းကိုလည်း ထုတ်မမေးဘဲ မနေနိုင်ခဲ့ချေ။
"ဒီက အဆွေက အိမ်ထောင်ဖက်ရှိပြီးပြီလား…"
" မရှိပါဘူး…"
ဤခေတ်တွင် မျိုးရိုးမြင့်များမှာ ငယ်စဥ်ကတည်းကပင် ကြိုတင်စေ့စပ်ထားကြသည်တို့ ရှိသော်လည်း စွေ့ချီချောင်းမှာ အရှေ့အရပ်တွင် အလွန်ကြာရှည်စွာ နေထိုင်ခဲ့ရသူ ဖြစ်ပေသည်။
ဂျော့က စကားဆက်လာခဲ့သည်။
"အဆွေ့ကို အိမ်ထောင်ဖက်ကောင်းကောင်းတချို့နဲ့ မိတ်ဆက်ပေးနိုင်တယ်… ကျွန်တော့် မိန်းမရဲ့ ညီမတွေထဲက တစ်ယောက်က စန်နော့အရှင်ရဲ့ ဇနီးလေ… ဒါပေမယ့် သူက လတ်တလောလေးတင်ပဲ တစ်ခုလပ်ဖြစ်သွားပြီးတော့ သူ့ယောကျာ်းရဲ့မြေတွေနဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံလိုက်ရတယ်… သူ့ဆီက အဲဒီပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းပေးဖို့နဲ့ အမွေဆက်ခံစေဖို့ နောက်ထပ်ယောကျာ်းတစ်ယောက်ကို ရှာနေတာ…"
ဤသည်မှာ သူဤကဲ့သို့သော အခက်အခဲကိုကြုံရခြင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။ သူ၏အစေခံများမှာ သဘာ၀ကျစွာပင် သူ့အတွက် ကြင်ဖက်များကို မိတ်မဆက်ပေးနိုင်ခဲ့ချေ။ ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည်လည်း ၄င်းနှင့်ပတ်သတ်၍ အနည်းငယ်စိတ်ပူနေခဲ့သည်ဟု ဆိုရမည်ပင်။ သူက စွေ့ချီချောင်းအား အရွယ်အနည်းငယ်ရသောအခါတွင်မှ လက်ထပ်စေချင်ပြီး သူနှင့် အသင့်တော်ဆုံးအိမ်ထောင်ဖက်ကို ရှာတွေ့စေလိုသည်။
စွေ့ချီချောင်းမှာ စဥ်းပင်မစဥ်းစားဘဲ ငြင်းလိုက်တော့သည်။
"အဆွေ အဲဒီအတွက်ဆို စိတ်ပူနေစရာမလိုပါဘူး… ကြင်နာမှုအတွက် ကျေးဇူးတင်မိပေမယ့် ကျွန်တော့်အတွက် အိမ်ထောင်ဖက်မလိုအပ်သေးဘူး…"