Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၂၀ )
လဝန်း၏အကြောင်းတွေ အားလုံးပြောပြတော့ ဆရာမက စိတ်ဝင်တစား နားထောင်သည်။ အားလုံးအပြီးမှာတော့ ဆရာမက သက်ပြင်းသဲ့သဲ့ချတာ လဝန်း တွေ့ရတော့ပြုံးမိသည်။
"သမီးအကြောင်းတွေ ကြားရတာ စိတ်မကောင်းပါဘူးကွယ် ။ သမီး ဝိညာဉ်က ဒီ ခန္ဓာကိုယ်ထဲရောက်နေရတာ အကြောင်းတစ်ခုခုရှိလိမ့်မယ် ။ ဒါတွေအားလုံးဖြစ်လာခဲ့တာက ကံတရားကြောင့်ပဲ ။ ဒီလိုဖြစ်လာဖို့ဆိုတာကလည်း ဆည်းဆာချိုဆိုတဲ့ မိန်းကလေးနဲ့ အတိတ်ဘဝက ရေစက်ပါလာခဲ့လို့ပဲ "
"ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆရာမရယ် ။ ကျွန်မ ခုထွက်သွားဖို့ သင့်ပြီ ။ ကျွန်မ ဆည်းဆာချိုရဲ့ နေရာကို မတရားသဖြင့် ရယူပြီး နေနေသလို ခံစားရတယ် ။ ကျွန်မ လိပ်ပြာမလုံဘူး "
"အင်း ကောင်းပါပြီ ။ ဆရာမ ကူညီပေးပါ့မယ် ။ ဒါပေမဲ့ ကံကြမ္မာက သတ်မှတ်ထားတဲ့ အရာတွေကို လွယ်လွယ်နဲ့တော့ ပြောင်းလဲလို့မရဘူး ။ ကဲ... သမီး မျက်စိမှိတ်ပြီး အာရုံပြုထား "
ဆရာမက ပြောပြောဆိုဆိုနှင့် တင်ပျဉ်ခွေထိုင်ကာ မျက်ဝန်းတွေ မှိတ်၍ အာရုံပြုနေသည် ။
လဝန်းလည်း ခေါင်းညိတ်၍ မျက်စိမှိတ်ကာ စိတ်အာရုံကို စုစည်းလိုက်သည်။
"သေချာအာရုံစိုက်ထား သမီး ။ ဆည်းဆာချိုနဲ့ တွေ့ရလိမ့်မယ် "
ဆရာမ၏ စကားသံက လဝန်းနားထဲ ပဲ့တင်သံလို အထပ်ထပ်ကြားယောင်နေပြီး လဝန်း မျက်စိဖွင့်ကြည့်တော့ မြူခိုးလိုလို အုံ့ဆိုင်းနေကာ ဘေးပတ်ဝန်းကျင်ကို သေချာမမြင်ရသော နေရာကို ရောက်နေခဲ့သည်။
လဝန်း ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း ဆည်းဆာချိုကို အော်ခေါ်နေမိသည်။
"ဆည်းဆာချို ၊ ဆည်းဆာချို "
"ဘာလဲ ။ ငါ့ကို ဘာလို့ ဒီကိုခေါ်တာလဲ ။ ငါကရော ဘာလို့ ဒီကို ရောက်လာတာလဲ "
ထိုစဉ် မကျေမနပ် ရေရွတ်သံနှင့် အတူ ဆည်းဆာချို၏ ပုံရိပ်က မျက်စိရှေ့ ရောက်လာသည် ။