Unicode
ဆုံစည်းစေသော ကံကြမ္မာ
( အပိုင်း - ၂၁ )
နွေသည် ကုမ္ပဏီမှာ မည်သူမှမရှိတာသိရတော့ မန်နေဂျာ မနှင်းသက်ကို အိမ်မှာအရေးကြီး ပြသနာလေးရှိလို့ဟု အကြောင်းပြကာ ခွင့်တောင်း၍ ပြန်လာခဲ့ပြီး လဝန်း၏ ကားနောက်ကို အမှီလိုက်ခဲ့သည်။ ဒါပေမဲ့ နေရာတစ်ခုအရောက် လဝန်း၏ကား ပျောက်သွား၍ လိုက်ရှာကြည့်တော့ ခြံကြီးတစ်ခြံရှေ့မှာ တွေ့လိုက်ရသည် ။ လဝန်းက ဒီနေရာကို ဘာလာလုပ်တာလဲ ။
နွေ ကားပေါ်ကဆင်းပြီး အခြေအနေကို လေ့လာနေရင်း အနားက ဖြတ်သွားသည့် အန်တီကြီးတစ်ယောက်ကို လှမ်းခေါ်ပြီး မေးလိုက်သည်။
"အန်တီ "
"ဟေ "
"ဟို...ဒီအိမ်က "
"ဪ ဒီအိမ်လား ။ အကြားအမြင်ဆရာမကြီး ဒေါ်မေရီအိမ်ပဲကွဲ့ ။ သမီးက ဒီအိမ်လိုက်ရှာနေတာမဟုတ်လား "
"ဟုတ်...ဟုတ်တယ် အန်တီ ။ ကျွန်မ ဆရာမ အိမ်ရှာနေတာ "
"အေး...အေး ။ သမီး ဒီအိမ်ပဲနော် "
"ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ"
အန်တီကြီး ထွက်သွားတော့မှ နွေ အိမ်ထဲကို လှမ်းကြည့်ရင်း လဝန်း ဘာကြောင့် အကြားအမြင်ဆရာမဆီ လာတာလဲဆိုတာ စဉ်းစားနေမိသည် ။
ထိုအချိန် အိမ်ထဲမှ မိန်းကလေးတစ်ယောက် ထွက်လာသည်။ နွေက ခြံရှေ့မှာ ရပ်နေတာမြင်တော့ သူက နွေ့ဆီကို လျှောက်လာသည်။
" ဆရာမဆီ လာတာလား အစ်မ "
"အင်း...ဟုတ်တယ် "
"ဒါဆို ပြန်လိုက်ပါတော့ အစ်မရယ် ။ ဒီနေ့တော့ လက်ခံထားတဲ့သူရှိနေလို့ပါ ။ နောက်နေ့မှ ရတော့မယ် ။ စာရင်းပေးခဲ့လို့တော့ ရပါတယ် "
ထိုမိန်းကလေးပြောသည့် လက်ခံထားသူဆိုတာ လဝန်းမှန်းသိလိုက်သည်။
"ကျွန်မ ခဏလောက်ပဲ ဆရာမနဲ့ တွေ့မှာပါ "
"မရပါဘူးရှင့် ။ အခု ဧည့်သည်က ကြာဦးမှာပါ ။ နောက်နေ့မှ လာတာ ပိုကောင်းပါလိမ့်မယ် "
"ခဏလေးပါ ညီမရယ် ။ အစ်မက ဆရာမကို တွေ့ရုံပဲ တွေ့ချင်တာပါ ။စောင့်ရလည်း ကိစ္စမရှိပါဘူး "