Unicode
ဆုံစည်းစေသော ကံကြမ္မာ
( ဇာတ်သိမ်းပိုင်း)
ခန့်ထည်ဝါ ကုမ္ပဏီက ပြန်ရောက်ပြီး ရေမိုးချိုး၍ ညစာစားကာ ဆေးရုံသွားဖို့ ပြင်ဆင်နေချိန် ဖုန်းဝင်လာသည်။ မမှတ်ထားသော နံပါတ်ပေမယ့် စိတ်ထဲထင့်နေ၍ ကိုင်လိုက်သည် ။
"ဟဲလို "
"ကိုခန့်ထည်ဝါလားခင်ဗျ "
"ဟုတ်ကဲ့ ။ ကျွန်တော် ခန့်ထည်ဝါပါ ။ ဘယ်သူလဲခင်ဗျ "
"ကျွန်တော်က ဒုရဲအုပ်ကိုမြတ်မင်းပါ "
"ဟုတ်ကဲ့ ။ ကျွန်တော့်ကို ဖုန်းဆက်တာ ဘာကိစ္စများရှိလို့လဲ "
သူ့ဆီ ဒုရဲအုပ်ဖုန်းဆက်တယ်ဆိုတော့ နည်းနည်း အံ့သြသွားရသည်။
"ဒီလိုပါ ။ ခင်ဗျားဇနီး မဆည်းဆာချို ကားတိုက်ခံရပြီး ဆေးရုံမှာ အရေးပေါ်အခန်းထဲ ရောက်နေတယ်ဆိုတာ ကျွန်တော် အကြောင်းကြားပေးတာပါ "
"ဗျာ"
ခန့်ထည်ဝါ စိုးရိမ်ထိတ်လန့်ပြီး ဖုန်းကို ပစ်ချကာ ကားမြန်မြန်မောင်းပြီး ဆေးရုံကို ထွက်လာခဲ့သည်။
ဆေးရုံအရေးပေါ် အခန်းရှေ့ကို ရောက်တော့ အဖွားမြနှင့် မိအေးတို့ မျက်ရည်တွေနှင့် တုန်ယင်နေတာ တွေ့လိုက်ရသည်။ သူ ရောက်လာတာမြင်တော့ ငိုနေရင်းနှင့် အနားကို ရောက်လာသည်။
"သားရယ် ၊ သမီးလေး ဘယ်လိုဖြစ်ရတာပါလိမ့်။ အဖေကလည်း ဆေးရုံမှာ ၊ သမီးကလည်း အရေးပေါ်ခန်းထဲမှာ ။ ဘာလို့ ဒီလောက်ကံဆိုးနေကြပါလိမ့် ။ ခုန ဆရာဝန်က သမီးလေး ကားတိုက်မှုဖြစ်ပြီး ဆေးရုံရောက်နေတယ် ကြားကြားချင်း အဖွားမြ ရင်ထိတ်သွားတာပဲ။ သမီးလေး ဘာမှ မဖြစ်ပါစေနဲ့. ...အဟင့်...ဟင့် "
အဖွားမြ ပြောပြီး ငိုနေတော့ မိအေးကပါ ငိုနေရာမှ အသံပိုကျယ်လာသည်။
"စိတ်မပူပါနဲ့ ။ သူ အဆင်ပြေမှာပါ ။ ပထမ တစ်ခါတုန်းကလည်း ကျန်းကျန်းမာမာနဲ့ ပြန်သတိရလာတာပဲလေ ။ ခုလည်း အဆင်ပြေမှာပါ ။ ကျွန်တော် ဒုရဲအုပ်နဲ့ ခဏ သွားတွေ့လိုက်ဦးမယ် "