Part 2 (Unicode)

8.2K 785 55
                                    

ကျောင်းစိမ်း၀တ်စုံကို လဲလှဲဖို့မကြာပေမယ့် စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ရတာ ကျွန်တော့်အတွက် အမြဲကြာတတ်သည်။ ဖတ်စာအုပ်၊ ရေးစာအုပ်တွေ မမှားအောင် ဂရုစိုက်ရတာသည် လွယ်ကူမနေ။ နောက်ပြီး ရှာမရ။ ဘယ်နားရောက်နေမှန်းမသိ။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အပြီး ပြန်တက်ရသည့် တနင်္လာနေ့မျိုးဆို ပိုဆိုးသည်။ စာကျက်မည်ဆိုပြီး ဆွဲထုတ်ထားသမျှ ဘယ်နေရာတွေ ရောက်ကုန်သည်မသိ။ တကယ်ကျက်ဖြစ်သည်ဆိုလျှင်လည်း တစ်မျိုး။ အခုက တကယ်လည်း မကျက်ဖြစ်။ စာအုပ်တွေလည်း ပျောက်။ ဒါ့ကြောင့် တနင်္လာနေ့ မနက်ခင်းတွေမှာ ကျွန်တော် စိတ်ရှုပ်ရမြဲ။

"ဟိုအကောင်.. အခုထိ အဆင်သင့်မဖြစ်သေးဘူးလား။"

ကျွန်တော့်အမေ၏အသံကို အောက်ထပ်မှ ကြားနေရသည်။ မနက် မိုးလင်းသည်နှင့် ဟိုအကောင် အိပ်ရာက မထသေးဘူးလား။ ဟိုအကောင် မနက်စာ မစားသေးဘူးလား။ ဟိုအကောင်.. ဟိုအကောင် နှင့် ကျွန်တော် စိတ်ညစ်လှသည်။ ၀တ္ထုတွေထဲကလို သားလေးရေ ဘာဘာညာညာမရှိ။ ကျွန်တော့်တွင် အဖေ၊ အမေနှင့် အစ်ကိုတစ်ယောက်ရှိသည်။ မိသားစု ၀ိုင်းထိုင်ကာ စကားပြောတာ၊ ထမင်း၀ိုင်းမှာ စုံစုံညီညီ ရယ်ရယ်မောမော စကားပြောကြတာမျိုးတွေ မရှိ။ ဒါမျိုးတွေ ရုပ်ရှင်တွေထဲမှာပဲ ကျွန်တော်မြင်ဖူးသည်။

မိုးလင်းတာနှင့် ၀န်ထမ်းများဖြစ်သော အဖေနှင့်အမေမှာ ကသုတ်ရိုက်ကာ ပြင်ဆင်ကြသည်။ အမေကတော့ အအော်၊ အဆဲလေးပါ ပါသည်။ အိပ်ရာထ နောက်ကျတတ်သည့် ကျွန်တော့်ကြောင့် အိမ်လေးသည် အကျယ်အ၀န်းနှင့်မလိုက်ဖက်အောင် ဆူညံနေတတ်သည်။ မနက်စာကိုလည်း ဦးသူအရင်စားကာ အလုပ်၊ ကျောင်း ဆိုင်ရာဆိုင်ရာ သွားကြသည်ပဲဖြစ်သည်။

"ဟဲ့..ဟိုအကောင်.. ငါ ခေါ်နေတယ်လေ။ ဒီမှာ နင့်သူငယ်ချင်းရောက်နေပြီ။"

"လာပါပြီ အမေရ။"

ကျွန်တော် အပြေးတပိုင်း အောက်ထပ်ဆင်းလာခဲ့သည်။ ကျွန်တော့်သူငယ်ချင်း ရောက်နေပြီတဲ့။ မည်သူလဲဆိုတာကို ချက်ချင်းသိသည်။ ပျော်သလိုလိုဖြစ်ပေမယ့် မျက်နှာတည်ထားဖို့လည်း မေ့လို့မရ။ ကျွန်တော် ရှိုင်းညီကို စိတ်ကောက် မပြေသေး။

လောင်းရိပ်Where stories live. Discover now