Part 4 (Unicode)

6.7K 741 7
                                    

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာခဲ့သလို ချမ်းအေးသော ဒီဇင်ဘာဆောင်းသည် ကျွန်တော်တို့မြို့လေးကို ဖတ်ခေါ်သူမရှိပါဘဲနှင့် ၀င်ရောက်လာခဲ့ပြီးဖြစ်သည်။ ရှိုင်းညီ မြို့လေးမှာ ရှိမနေ။ ဘောလုံးကန်ဖို့ရန်အတွက် အခြားနေရာသို့ ညအိပ်ခရီးတို ထွက်သွားခဲ့သည်။ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် ကျွန်တော့်အတွက် ဆိုင်ကယ်သံကို ကြားရချိန် ခေါင်းတွေမတ်သွားခဲ့သည်။

"ဟိုအကောင်ရေ.. နင့်သူငယ်ချင်းလာကြိုနေပြီ။"

အမေ့ခေါ်သံကြောင့် မနက်စာကို ပါးစပ်ထဲ ပလုတ်ပလောင်းသွင်းကာ အိမ်ရှေ့အမြန်ပြေးထွက်လာခဲ့သည်။ ပြန်လာပြီလားဆိုသည့် အတွေးမဆုံးလိုက်။ မြင်လိုက်ရသူကြောင့် ကျွန်တော် တွန့်သွားသည်။

"မိုးဇေ.. "

လက်ပြနှုတ်ဆက်နေသည့် လင်းမြွေ။ အိမ်ထဲပြန်၀င်ဖို့လည်း မဖြစ်နိုင်တော့။ မနေ့က ကျွန်တော့်ကိုပြောသည်။ သူ လာကြိုမည်တဲ့။ ကျွန်တော် ငြင်းခဲ့သည်။ ယခုလို အိမ်ရှေ့ထိရောက်လာမည်မထင်ခဲ့။ အခုကျမှ ငြင်းဖို့ကိုလည်း အားနာသလိုဖြစ်ကာ စိတ်လေးလေးဖြစ် ထွက်လာခဲ့သည်။

"ငါ မင်းကို လာကြိုတာ။"

"မလိုပါဘူးလို့ ငါ ပြောထားတာကို။"

"လာစမ်းပါကွာ။ လမ်းကြုံနေတာ။"

လင်းမြွေဆိုင်ကယ်နောက်မှာ ထိုင်ဖြစ်သည်။ ကျွန်တော့်ရဲ့ ကြောက်တတ်မှုနှင့် ပြဿနာကို ရှောင်ချင်တတ်သည့် စိတ်ကို ဒေါသဖြစ်သည်။ လင်းမြွေကို ပွင့်ပွင့်လင်းလင်း မငြင်းရဲလောက်အောင် ကျွန်တော် အခုထိ ရှိန်နေသည်။ တစ်ရက်မှသည် နှစ်ရက်ဖြစ်လာသည်။ ရှိုင်းညီ ပြန်မလာမချင်း ကျွန်တော့်ကို လင်းမြွေကျောင်းအသွား အမြဲလာကြိုတတ်လာသည်။ စိုးရွံ့ပေမယ့် ကျွန်တော် နှုတ်ဆိတ်နေခဲ့သည်။ ရှိုင်းညီ ပြန်လာတော့ ကြိုတင်စိတ်ပူမိသည့်အတိုင်း ကျွန်တော်နှင့်သူ ပြဿနာတက်တော့သည်။

"ရှိုင်း..စိတ်မဆိုးပါနဲ့ကွာ။"

"မင်း အသစ်တွေ့နေပြီ မဟုတ်လား။"

လောင်းရိပ်Where stories live. Discover now