(Unicode)
#ကျွီ!!!!
စက်ဘီးကို အိမ်တံစက်မြိတ်ရှေ့မှာ ထိုးရပ်လိုက်တယ်ဆိုရင်ပဲ တစ်လမ်းလုံး အနောက်ကနေ ဂနာမငြိမ်စွာပါလာတဲ့အစ်မမီဆိုက စက်ဘီးပေါ်ကနေ ဘုတ်ခနဲခုန်ဆင်းလိုက်တယ်။
"ဒေါ်လေး ဒေါ်လေး"
ကဆုန်ပေါက်ခုန်ရင်း အိမ်ထဲကို ကသောကပါးပြေးဝင်သွားတဲ့အစ်မကြောင့် ကျွန်တော် ပြုံးရင်းခေါင်းခါမိတယ်။ဒေါ်လေးပြန်ကောင်းသွားပြီဆိုတဲ့သတင်းကို အခုထိမယုံကြည်ရဲသေးတဲ့အစ်မက သူကိုယ်တိုင်အတည်ပြုရမှဖြစ်မယ်ဆိုပြီး အိမ်အထိလိုက်လာတော့တာရယ်။
အဲ့ဒါတင်မကသေးပဲ ဒေါ်လေးပြန်ကောင်းတာသာတကယ်ဆိုရင် ပါတီလုပ်ရမှာပေါ့ဆိုပြီး ဂေဟာက တစ်ပတ်စာကြိုဝယ်ထားတဲ့ ဟင်းချက်စရာတွေအကုန် အိတ်ထဲကောက်ထည့်လာသေးတာ။
ကျွန်တော် စက်ဘီးခြင်းထဲမှာထည့်လာတဲ့ ဟင်းချက်စရာအပြည့်နဲ့လက်ဆွဲအိတ်ကို ယူလိုက်ပြီး အိမ်ထဲကိုလိုက်ဝင်လာတော့...တီဗီရှေ့ကဆိုဖာပေါ်မှာ ထိုင်နေတဲ့ဒေါ်လေးကို ပုခုံးကနေဆုတ်ကိုင်ပြီး အတင်းအကြပ် အကြည့်ချင်းဆုံခိုင်းနေတဲ့ အစ်မမီဆို
"ဒေါ်လေး ကျွန်မဘယ်သူလဲ...မဟုတ်ဖူးမဟုတ်ဖူး
ဒေါ်လေးယောကျာ်းနာမည်ဘယ်သူလဲ အယ် အဲ့ဒါလည်းမဟုတ်သေးဘူး ဒေါ်လေးက ဘယ်ဘာသာသင်တဲ့ဆရာမလည်း အယ် ဒါကြတော့လွယ်နေမလား ဟို..""ယွန်မီဆို"
"ဟုတ်"
"ငါ လီမင်ဟိုကိုမမြင်ရတော့ဘူး"
"ရှင်?"
"ငါ Dramaကြည့်နေတယ်လေ နင်ဘာလို့လာကွယ်နေတာတုန်း ဖယ် အခု!!!"
အူကြောင်ကြောင်ဖြစ်သွားတဲ့အစ်မက ခဏလောက်တိတ်ဆိတ်သွားပြီးမှ ဒေါ်လေးဆိုလိုတာကိုသဘောပေါက်ပြီး အာခနဲ ရေရွတ်ကာ ဘေးကိုခုန်ကပ်လိုက်တယ်။
"စကားများလိုက်တာများ ငယ်ငယ်တုန်းကထပ် ပိုဆိုး!! သာလိကာ!!"
လေသံပျော့ပျော့နဲ့ တစ်ကိုယ်တော်ရေရွတ်လိုက်တဲ့ ဒေါ်လေးရဲ့စကားကြောင့် အစ်မမျက်နှာ မဲခနဲဖြစ်သွားတယ်။အစ်မက တိတ်တိတ်လေး ဒေါ်လေးဘေးကနေလစ်ထွက်လာပြီး ကျွန်တော့်ဆီဦးတည်လျှောက်လာတယ်။