Chapter 7 (Unicode)

9.9K 1.3K 196
                                    

စနေနေ့မှာ လမ်းက‌ တော်တော်ကြပ်တယ်။ Navigation system ရဲ့ ပထမပြထားတဲ့အချိန် ၁ နာရီ ၄၅ မိနစ်က ၂ နာရီခွဲလို့ ပြောင်းသွားတယ်။

သူတို့မှာ ကားနောက်ခန်းက ပစ္စည်းတွေကို လွှင့်ပစ်ဖို့ အချိန်မရဘူး။ လမ်းကြောမသင့်သလို ကားက အတွင်းလမ်းအတိုင်း တည့်တည့်မောင်းနေတာဆိုတော့ လမ်းဘေးကပ်လို့မရတဲ့အခါ အမှိုက်ပုံးရှာချိန်လည်း မရှိခဲ့ဘူး။

ဝမ်ရိပေါ်ကလည်း ဘာမှ ထပ်ပြောမလာခဲ့ဘူး။ ကားနောက်ခန်းက Pancake က လောလောလတ်လတ် ဝယ်လာပုံရတယ်။ နွေးနေတုန်းပဲ။ ပြီးတော့ စက္ကူအိတ်နဲ့ ထုပ်ထားတာမို့ ကားအလှုပ်မှာ အိတ်ပွင့်သွားပြီး သကြားရည်နဲ့ နို့နံ့တွေက ကားထဲမှာ ဝေ့ဝဲနေတယ်။

ဝမ်ရိပေါ်က ကားမောင်းရင်း သီချင်းနားထောင်ရတာ ကြိုက်တယ်။ ကားရဲ့ Bluetooth နဲ့ သူ့ဖုန်းကို ချိတ်လိုက်တယ်။ သူတို့တွေ အမေရိကားမှာ ရှိတုန်းကဆို ဝမ်ရိပေါ်က လူမည်းအဆိုတော်တွေရဲ့ သီချင်းတွေကို နားထောင်ရတာကြိုက်တယ်။ သူ့ဖုန်းထဲက Playlist ထဲမှာဆို rap သီချင်းတွေ အပြည့်ပဲ။ သီချင်းတွေရဲ့ ပုံစံကိုက အားပြင်းပြီး တိကျပြတ်သားတယ်။ ဝမ်ရိပေါ်လိုပါပဲ။

လမ်းတဝက်လောက်အရောက်မှာ ရုတ်တရက်ပဲ လမ်းကြော မတရားကြပ်သွားတယ်။ ကားတွေအကုန်လုံးက ရပ်နေရတဲ့အတိုင်းပဲ။ ဝမ်ရိပေါ်မှာ ရှေ့ကကားကို တလက်မလောက်စီ ရွေ့ရွေ့ပြီး လိုက်နေရတယ်။ ကားမှန်တံခါးကိုချပြီး ခေါင်းထုတ်ကြည့်တော့လည်း ကားတွေပြည့်နေတာမို့ ဘာမှ သေသေချာချာ မမြင်ရဘူး။

လမ်းတဖက် တချက်မှာတော့ ရှုခင်းက ကျိုးတို့ကျဲတဲနဲ့ ဒီဟာတွေချည်းပဲ။ ခပ်မြင့်မြင့်က ဘေလ်ဘုတ်ကြော်ငြာတွေ၊ ဆိုင်ခန်းတွေ၊ ကားပြင်ဆိုင်တွေ။

ဖွင့်ထားတဲ့ သီချင်းတွေကလည်း အစကို ပြန်ရောက်ပြီး နောက်တကျော့ ပြန်လာနေတယ်။ ဝမ်ရိပေါ်ဖုန်းက ကား Vent ပေါ်မှာ သေချာတင်ထားတယ်။ အရှေ့က ကား စရွေ့တဲ့အချိန်မှာ ဝမ်ရိပေါ်ဖုန်းထဲကို ဝီချက် စာတိုတစ်စောင် ဝင်လာတယ်။ ဝမ်ရိပေါ်က အနောက်ကကားနဲ့ အရမ်းနီးနေပြီး သတိထားမောင်းနေရတာဖြစ်တဲ့အတွက် ရှောင်းကျန့်ကို ပြောလိုက်တယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now