part 3(z+u)

3.3K 344 23
                                    

အရိုးကွဲမတတ်အေးစက်နေသည်က ဆောင်းတွင်းတောင်ပေါ်ဒေသလေးရဲ့ ထုံးစံဖြစ်ပေမယ့် မြန်မာနိုင်ငံ အောက်ပိုင်းမှလာခဲ့သည့် ဒီဇင်ဘာ အတွက်တော့ ခဏတောင်မျှ မအိပ်စက်နိုင်ပါ။စောင်အထပ်ထပ်ပါမက ခြင်ထောင်ပါ ခြုံထားသော်လည်း မေးရိုက်မတတ်အေးနေသေးသည်ဟု ခံစားနေရသည်။ ဒါကြောင့် ကိုယ်ကို ပုစွန်သကဲ့သို့ကွေး၍ စောင်တွေထဲ လိပ်လို ခေါင်းထည့်ထားရသည်။ နားရွက်များ လုံသွားသည့်အခါမှ ကိုယ်က အနွေးဓာတ် အနည်းငယ်ရလာသလိုဖြစ်တာကြောင့် အိပ်ချင်စိတ်တို့ ပြန်နိုးကြွလာ၏။

ထို့ကြောင့် မကြာမီပင်
အနွေးဓာတ် အနည်းငယ်ကြောင့် နေသာထိုင်သာရှိ၍ မှေးခနဲ အိပ်ပျော်သွားလေသည်။သို့သော် ခြေနင်းသံ ပြင်းပြင်းကြားသောကြောင့် သူပြန်နိုးလာတော့သည်။ အခန်းအပြင်၌ တစ်စုံတစ်ခုဖြစ်နေပြီထင်၍ သူသည် ဆက်ခနဲထကာ အခန်းတံခါးအား ကပျာကယာဖြင့် ဖွင့်လိုက်သည်။

" သော်စစ် "

အခန်းထဲမှ မာဖလာတစ်ထည်နှင့် အနွေးထည်အထူကြီးဝတ်၍ ထွက်လာသည့် သော်စစ်နိုင်၏အသွင်က အလျင်လိုနေပုံရသည်။


" သြော်....မင်းနိုးသွားတာလား "


" ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး။ တောထဲမှာရွာထဲကအမျိုးသမီးတစ်ယောက် မီးဖွားဖို့ခက်နေလို့ အဲ့ဒါငါ လိုက်ကြည့်ပေးလိုက်အုံးမယ် ။ သားဖွားဆရာမကလည်း သူ့ပိတ်ရက်ဆိုတော့ အိမ်ပြန်သွားတယ် ။ အခုမှ မနက်လေးနာရီပဲရှိသေးတယ် မင်းပြန်အိပ်တော့လေ "


သော်စစ်နိုင်သည် ထိုစကားများကို အလျင်စလိုပြော၍ အောက်ထပ်သို့ပြေးဆင်းသွားသည်။


" ခွန်ဖ ခင်များမိန်းမက ဘယ်အချိန်ကတည်းက ဗိုက်နာနေတာလဲ "

" ညတစ်နာရီလောက်ထဲကပါ ဆရာလေး ။ လက်သည်ကလည်း မြို့ပေါ်ရောက်နေလို့ "



" ခင်များကလည်းနော် ကိုယ့်မိန်းမ မီးဖွားခါနီးတောင် တောထဲခေါ်သွားရတယ်လို့ "

သော်စစ်နိုင်သည် လိုအပ်သည့် ဆေးဝါးပစ္စည်းများကို အိတ်ထဲသို့ စုပြုံထည့်၍ ခွန်းဖကို အပြစ်တင်စကားပြောလေသည်။ ထိုအခါ ခွန်ဖသည် မျက်နှာငယ်ဖြင့်သာ အသံတိတ်နေ၏။


အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now