Part 18

4K 452 4
                                    

Unicode

ဒီနေ့တော့စောစောစီးစီး နိုးနေတာနဲ့ ကျိရန် ခြံထဲမှာ သွေးပူလေ့ကျင့်ခန်း အနည်းငယ်လုပ်နေမိသည်။နှင်းမှုန်တွေ မသိမသာကျနေတဲ့ ခြံပြင်မှာ ပါးစပ်က အငွေ့ထွက်သည်အထိ အေးလွန်းသည်။ခြံထောင့်က မက်မွန်ပင်ရဲ့အကိုင်းအခက်တွေမှာ တွဲလွဲခိုနေတဲ့နှင်းစက်အချို့ကတော့ အောက်ကရေဘုံဘိုင်လေးဆီသို့ တတောက်တောက်ကျနေသည်။

ခါးကိုဘယ်ညာကိုင်းကာ ခေါင်းကိုလည်း ရှေ့နောက် တောင်မြောက်လှည့်၍ ခြေထောက်တွေကို လှုပ်ရင်း တရုတ်ပြည်ရဲ့ ဆောင်းမနက်ခင်းမှာ သွေးလေးနေမှုတွေကို လျှော့ချလိုက်သည်။အခုချိန်ထိ အိပ်ရာထသေးပုံမပေါ်သည့် ဆောင်းငှက်အချိူ့ကတော့ သစ်ခေါင်းထဲမှ ပြူတစ်ပြူတစ်နဲ့ သူ့ကိုလှမ်းကြည့်နေပုံပင်။

"နိုးနေတာလားကျိရန်"

လေဖောင်းဖောင်း နက်ပြာရောင်အင်္ကျီအကြီးကြီးကို ဂွမ်းကပ်ဘောင်းဘီထူထူကြီးနဲ့ တွဲဖက်ဝတ်ဆင်ကာ လက်တွေကိုယှက်ရင်း မနက်စာပြင်ဖို့ မီးဖိုခန်းထဲ ဝင်လာသည့် ဟိုက်ခွမ်းက ကျိရန်ကို လှမ်းမြင်လိုက်တာကြောင့် ခြံထဲဆင်းလာသည့်ပုံပင်။

"ဟုတ်ကဲ့ကိုကြီး...ကိုကြီးရော မနက်စာပြင်မလို့လား??ကျွန်တော်ကူပေးမယ်လေ"

လက်ဆစ်တွေကို တဖျောက်ဖျောက်ချိုးကာ အနည်းငယ်တောင့်နေသည့် ခြေထောက်တွေကို လှုပ်ခါရင်း ကျိရန်က ပြန်ပြောလိုက်သည်။

"အွန်း ကောင်းတာပေါ့"

ဟိုက်ခွမ်းက ပြုံးရင်းပြောပြီး အထဲကို ပြန်ဝင်သွားတာကြောင့် အိမ်နေရင်း စွပ်ဖိနပ်အိအိကြီးကို ပြောင်းစီးကာ ကျိရန်ပါ လိုက်သွားလိုက်သည်။

ဘီရိုအပေါ်ထပ်က အသစ်စက်စက် ပေါင်မုန့်အထုပ်ကိုယူကာ ရေခဲသေတ္တာထဲမှ ထောပတ်ဘူးကိုပါထုတ်လိုက်ပြီး မီးဖိုထဲကစားပွဲမှာထိုင်၍ တစ်ချပ်ပြီး တစ်ချပ်သုတ်ပေးလိုက်သည်။

ဟိုက်ခွမ်းကတော့ မနက်စောစောလာပို့သွားပုံပေါ်သည့် နွားနို့တွေကို ခြံပြင်မှာ ထွက်ယူကာ အိုးထဲထည့်၍ ကျိုနေသည်။

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now