Part~2

33 3 0
                                    

ကံတရားဟာ တစုံတရာကို ကြိုတင်အကွက်ချ စီစဉ်ခဲ့တာလား။
ကျွန်တော့် အပေါ် တစ်ဘဝစာ ဒဏ်ခတ်အပြစ်ပေးချင်တဲ့ အာဃာတ တရားနဲ့ ဆုံဆည်းမှုထောင်ချောက်တစ်ခု တပ်ဆင်ခဲ့တာလား။
မပြောတတ်တော့ပါဘူး။
နွေကျောင်းပိတ်ရက်မှာတော့ ရှောင်လွှဲလို့မရတဲ့စည်းဝိုင်းလေး တစ်ခုထဲမှာ ကျွန်တော်တို့နှစ်ယောက် မျက်နှာချင်း‌ဆိုင်ခဲ့ရပါတော့တယ်။
ဒီအတွက် ကျွန်တော့်ရင်တွေ တလှပ်လှပ်ခုန်ခဲ့ပါတယ်။
အပျော်လွန် အအိပ်မဲ့ညတွေနဲ့ မိုးသောက်ယံများစွာကို မျက်နှာသစ်ခဲ့ရတယ်။
ဒါဟာ ကျွန်တော့်အတွက်တော့ အေးမြချိုဆိမ့်တဲ့ မိုးစက် မိုးပေါက် ပေါင်းများစွာပါပဲ။
ကိုယ့်ကိုယ်ကို အလှဆုံးဆင်သထားတဲ့ ရုံးတက်မနက်ခင်း များစွာမှာ သီချင်းချိုချိုဆိုလို့။
_____
ပြီးခဲ့တဲ့နှစ်က(ခ)စာရင်းနဲ့သာ အောင်ခဲ့တဲ့ကျွန်တော်ဟာ တကယ်တော့ပညာရေးမှာ သိပ်ထွန်းထွန်းပေါက်ပေါက် မရှိပါ။ ဒီနှစ်လည်း သိပ်မ‌ဖြေခဲ့ပြန်ဘူး။ ဒါ့ကြောင့် နွေကျောင်းပိတ်ရက်မှာ မြို့ကအလုပ်တစ်ခုမှာနေ့စားတစ်‌ေယာက် အလုပ်လုပ်ဖို့
အိမ်ကစီစဉ်ပေးတာကို လက်ခံခဲ့ရပါတော့တယ်။ (က)နဲ့အောင်ခဲ့ရင်တောင်မှ အလုပ်လုပ်ရင်း စာပေးစာယူလုပ်ရမယ်တဲ့။ ကျွန်တော့်အတွက်ထွေထူးပြီး စိတ်ပျက်အားငယ်စရာ မဖြစ်မိတော့ပါဘူး။ မိသားစုထဲမှာ မထင်မရှား မှန်ဖျော့စွာ ကြီးပျင်းအသက်ရှင်ခဲ့ရတာ ခုမှမဟုတ်ဘဲ။ အဲဒီခံစားမှုတွေဟာ အခန်းတွေအများကြီးပါတဲ့ အမွေရရှေးဟောင်းအိမ်အိုကြီးရယ်၊ ခြောက်နှစ်အရွယ် သားငယ်တစ်ယောက်ရယ်ကို ပိုင်ဆိုင်တဲ့ အမေမုဆိုးမကို လူကြီးတစ်ယောက်က သူ့ရဲ့ဒုတိယအိမ်ထောင်ရွေးချယ်ပြီး ကျွန်တော့်တို့အိမ်ပေါ်တက်လာတဲ့ အချိန်ကစတင်ခဲ့တာထင်ပါတယ်။ အဖေမဟုတ်မှန်းသိပေမယ့် အမေမျက်နှာညိုမှာကြောက်တာကြောင့် အဖေခေါ်ခဲ့ရတာ၊ ခုတော့လည်းနှုတ်ကျိုးနေပါပြီ၊ အဖေ...ပေါ့လေ။
______
စာအုပ်တွေ၊ ဖိုင်တွေ အထပ်ထပ်ပုံထားတဲ့ စားပွဲတွေကြားထဲ ဟိုးတိုးဒီကွေ့ တိုးဝင်ဖြတ်သွားရင်း လိုက်ပို့သူက ကျွန်တော့်ကို ထိုင်ရမယ့်စားပွဲလေူကိုညွှန်ပြတယ်။
အလုပ်ခွင်ဝင်ခါစ လူအသစ်စက်စက်တစ်ယောက်ရဲ့ အူကြောင်‌ကြောင် နိုင်မှုမျိုးနဲ့ ထမင်းဘူးရယ်၊ လွယ်အိတ်လေးရယ်ကို စားပွဲပေါ်တင်ပြီး ခေါင်းမော့လိုက်တော့ ဘေးချင်းယှဉ်လျက် စားပွဲတစ်လုံးမှာ စာရွက်တစ်ထပ်ကို စိတ်ရှုပ်ဟန်နဲ့ တဖြတ်ဖြတ်လှန်လျောကြည့်ရှုနေတဲ့ သူ့ကို တွေ့လိုက်ရတယ်။
' Yoongi '
ပျော်လွန်လွန်းလို့ ကိုယ့်ပါးစပ်က ထွက်တဲ့အသံ ကိုယ်မမှတ်မိသလိုပဲ။
'ဟင်...Kim Tae Hyung'
' Yoongi ခဗျားဒီမှာ အလုပ်လုပ်တာလား'
'အဖေပေါ့ဟာ... ကျောင်းပိတ်ရက်မှာ လတ်လျားလတ်လျားဖြစ်နေမယ့်အတူ ငါ့ရုံးနေ့တိုင်းလိုက်ခဲ့ဆိုပြီး ဂုတ်ဆွဲခေါ်လာလို့ ဒီမှာဒုက္ခလာခံနေတာဟေ့'
Yoongiအဖေဟာ ဒီဌာနရဲ့အကြီးအကဲတစ်ယောက်ဖြစ်ကြောင်းမေ့လျောနေမိတဲ့ ကိုယ့်ကိုပဲ စိတ်ပျက်မိတယ်။
'ဒါဆို နင်ကလုပ်အားပေးပေါ့'
'ဟုတ်တယ် အမေ ထည့်ပေးတဲ့ ထမင်းဘူးနေ့တိုင်းစားပြီး တစ်နေ့လုံး အဖေ့ရုံးက ဘာမှန်းမသိတာတွေ လာလုပ်နေရတာ သုံးရက်ရှိသွားပြီ'
စိတ်တိုနေတဲ့ Yoongiမျက်နှာလေူကိုကြည့်ပြီး သူ ဒီရုံးထဲမှာ စိတ်မသက်မသာ ကျောင်းပိတ်ရက်တွေအတွက်ကျွန်တော်အလွန်ပျော်သွားတာကို တစ်ကိုယ်ကောင်းဆန်တယ် အတ္တကြီးတယ်လို့ဝိူင်းပြောရင်လည်း ကျွန်တော်ပြုံးနေမိမယ်ထင်ပါတယ်။
Yoongiကိုနေ့တိုင်းတွေ့ရဖို့ အတွက် ကျွန်တော်မှာရှိသမျှအားလုံးနဲ့ လဲလှယ်ဖို့ အဆင့်သင့်ဖြစ်နေတာကို ကျွန်တော်ကိုယ်တိုင်သာသိနေပါတော့တယ်။

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Where stories live. Discover now