Part~3

22 3 0
                                    

   ကျောင်းမှာတုန်းကဆို လူအများကြီးထဲက တစ်ယောက်အဖြစ်သာ ကြည့်ခွင့်နေရတဲ့ အဖြစ်မျိုးလည်းမဟုတ်၊ စာသင်ခန်းဆိုတဲ့ အကန့်သတ် အကာရံကြီးတစ်ခုအောက်မှာ အနေကြုံ့နေရတဲ့ အနေအထားမျိုးလည်းမဟုတ်တော့။
    တစ်ပတ်(၅)ရက် တွေ့မြင်အတူနေခွင့်ဆိုတာ နည်းတဲ့အခွင့်အရေးလား။
    ဘုရားပေးတဲ့ အခွင့်အရေးပါပဲ။
    ကျွန်တော့်အတွက် ပြောတာပါလေ...၊ သူ့အတွက်တော့ ဟုတ်ချင်မှဟုတ်မယ်။
     သီချင်းဆိုဖို့၊ ဘောလုံးကန်ဖို့လောက်ကလွဲပြီး ဘာကိုမှ စိတ်ဝင်တစားမရှိတဲ့ Yoongiဟာ လုပ်အားပေးဆိုတဲ့ အလအပင်ကြီးကို စိတ်ပျက်ပျင်းရိစွာ ထမ်းဆောင်နေတာကြည့်ရင်း သနားမိတယ်။ နောက်ပိုင်းရက်တွေမှာတော့ သူစိတ်မပါတဲ့အလုပ်တွေကို ကျွန်တော်ကူလုပ်ပေးရင်း ကျွန်တော့်အလုပ်တွေကိုတော့ သူ့ဘောလုံးကွင်းကို ကမန်းကတမ်း ပြေးဆင်း သွားလေ့ရှိတဲ့ ညနေသုံး‌နာရီကျော်မှ လုပ်တတ်တဲ့အကျင့် အလိုလို ရလာလေရဲ့။
        သူ့အလုပ်တွေကို ကျွန်တော် ကူလုပ်နေတဲ့အချိန်တွေမှာဆိုရင် ကျွန်တော့်ဘေးမှာ သူဟာသီချင်းတစ်ပိုဒ် ညည်းချင်ညည်းနေမယ်၊တခါတရံစိတ်လိုလက်ရရှိတဲ့အခါများမှာ ကိန်းဂဏန်းတွေအော်ပေးချင်ပေးနေမယ်၊ ဒါမှမဟုတ် ဂဏန်းပေါင်းစက်ကြီးကို ချောက်ချောက်ချက်ချက်နှိပ်ရင်း အပေါင်းအနှုတ် အမြှောက်အစားတွေ လုပ်ပေးနေမယ်၊ ကျွန်တော့်အတွက် ကတော့ သူ့မျက်လုံးညိုညိုတစ်စုံကိုမြင်တွေ့ရရင်ကို လုံလောက်ပါပြီ။
           ရုံးအတွင်းမှာ အလုပ်စားပွဲနဲ့ ဖင်နဲ့မြဲလွန်းတဲ့ Yoongiအဖေကိုလည်း ကျေးဇူးအကြိမ်ကြိမ်တင်ရတာ မမောမပန်းပါပဲ။ အဖေကိုကြောက်တဲ့ Yoongiဟာ ကျောက်ချခံထားရတဲ့ စက်လှေတစ်စင်းလို ကျွန်တော့်အနားအမြဲနေရပါတော့မယ်။
            ကျွန်တော်ဟာ သူ့ရဲ့ ပင်လယ်ငယ်။
            သူဟာ ကျွန်တော်ရင်ခွင်ပင်လယ်ပြင်ပေါ်က တစ်စီးတည်းသော လှေကလေးပါပဲ ။
______
           ဇာတ်လမ်းအစ ကန့်လန်ကာဖွင့်တဲ့နေ့ကို နှစ်ပေါင်းများစွာ ကြာသည်အထိ မေ့မရတာဟာ ဘယ်လို စွမ်းအင်မျိုးပါလိမ့်...။
            မျက်လုံးမှိတ်လိုက်ရင်ပဲ အဲဒီနေ့က မြင်ကွင်းတွေကို လတ်လတ်ဆတ်ဆတ် အမြဲမြင်တွေ့နေမိတတ်တယ်။
             'ဟာ ပြသာနာပဲ...၊အမေက ဇွန်းခက်ရင်းလည်းထည့်မပေးလိုက်ဘူး'
             စားပွဲနဲ့ မလှမ်းမကမ်းက လက်ဆေးကြွေကန်မှာ ဖန်ခွက်တွေဆေးနေရင်း အလိုမကျတဲ့ သူ့အသံကို ကျွန်တော်ကြားလိုက်ရတယ်။
             ' Yoongi...၊ငါ့အံဆွဲထဲမှာ ဇွန်းခက်ရင်း အသစ်တစ်စုံရှ်တယ်၊ဖွင့်ပြီးယူလိုက်'
             သူအံ့ဩသွားပုံရတယ်၊ ပျော်လည်းပျော်သွားလိမ့်မယ်လို့ထင်မိတယ်။
             စတီးဇွန်းလေး တစ်ချောင်းတည်းနဲ့သာ အမြဲထမင်းစားတတ်တဲ့ ကျွန်တော်ဆီမှာ ဇွန်းခက်ရင်း အပိုတစ်စုံရှိနေတာကို သူဘယ်လိုနားလည်မလဲ မသိနိုင်။ နေ့စဉ်ဇွန်းခက်ရင်းနဲ့မှ ထမင်းစားတတ်ပြီး အမြဲလိုလို အဲ့ဒီဇွန်းခက်ရင်းကိုပဲ မေ့မေ့ကျန်ခဲ့၊ မေ့ကျန်တိုင်းလည်း အိမ်ကအမေ့ကိုသာ လှမ်းလှမ်းငြူစူတတ်တဲ့ သူ့အတွက် ဇွန်းခက်ရင်းအသစ်တစ်စုံ ကျွန်တော် မှတ်မှတ်ရရသိမ်းပေးထားတယ်ဆိုတာ သူများရိပ်မိသွားလေမလား။
             ကျွန်တော်စိုးရိမ်သွားတယ်။
             စိုးရိမ်စိတ်နဲ့ သူ့ကိုလှမ်းကြည့်မိတယ်။
            သူ့မျက်လုံးညိုညိုတွေက ပစ်ခတ်တော့မယ့်သေနတ်တစ်လတ်လို ကျွန်တော့်ဆီ ချိန်ရွယ်ထားသလိုခံစားလိုက်ရတယ်။
             အညို့ခံထားရသူတစ်‌ယောက်လို သူ့စားပွဲရှိရာကို ကျွန်တော်တစ်ယောက် တစ်လှမ်းချင်း လျှောက်ပြန်လာမိနေတယ်။
             ပြီးတော့ ဆေးကြောသန့်စင်လာတဲ့ ဖန်ခွက်နဲ့ သူ့အတွက် သောက်ရေတစ်ခွက် ငှဲ့ပေးမိနေပြန်တယ်။
            ' ထယ်...'
            တစ်ခါတစ်ရံ စိတ်လိုလက်ရရှိရင် သူ
ကျွန်တော့်ကို အဲသလိုပဲခေါ်တတ်ပေမဲ့ ခုတခါခေါ်သံမှာတော့ ထူးဆန်းတဲ့ တုန်ခါမှုမျိုး ပါနေတယ်လို့ ထင်မိတယ်။
            ပြန်မထူးဖြစ်ဘဲ မျက်လွှာသာချလို့ ကျွန်တော့်ခုံမှာ ဝင်ထိုင်လိုက်တယ်။
            သူကတော့ ကျွန်တော့်စားပွဲနားမှာ မတ်တပ်ရပ်‌နေတုန်းပါပဲ။
            ကျွန်တော်တို့စားပွဲနှစ်လုံးက ခြေနှစ်လှမ်းစာလေးပဲ ခြားတာဆိုတော့ တစ်ယောက်အသက်ရှုသံတစ်ယောက်ကြားနေရသလိုပါပဲ၊ ကျွန်တော့်အံဆွဲထဲက ဇွန်းခက်ရင်းတစ်စုံဟာ ခုတော့ ကလေးတစ်ယောက်လက်ထဲ ရောက်သွားတဲ့ ကစားစရာတစ်ခုလို သူ့လက်ထဲမှာ တထပ်ထပ် ရိုက်ခတ် ကစားခံနေရပြီ။
           ကျွန်တော့် နှလုံးသားဟာ အဲ့ဒီဇွန်းခက်ရင်းတစ်စုံလို တဖျက်ဖျက် ခုန်နေတာကိုတော့ သူမသိတန်ကောင်းဘူးထင်တာပါပဲ။
 

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Where stories live. Discover now