Part~5

25 3 0
                                    

ရုံးသူ/သား အကိုကြီး၊အမကြီးတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေလိူ့ပဲ သိထားကြတယ်။ ကျွန်တော်တို့ဘက်ကလည်း မူမပျက်ရဲ ၊ လူသိမခံရဲကြဘူး။ အခန်းတစ်ခန်းစီ ဖြစ်ပေမဲ့ အမိုးတစ်ခုတည်းအောက်မှာ ယွန်းဂီအဖေ ရှိနေတယ်ဆိုတာကလဲ ကြီးမားတဲ့ အတားအဆီးကြီး တစ်ခု ဖြစ်စေခဲ့တယ်။
    ဘာပဲဖြစ်ဖြစ် အများအမြင်မှာ ထူးခြားပြောင်းလဲမသွားပေမဲ့ ကျွန်တော်တို့နှစ်ဦးဟာ တကယ်ပဲ ချး်သူတွေဖြစ်သွားခဲ့ကြပါပြီ။ တိုးညံ့ညင်သာစွာ ပြောဆိုကြရင်း၊ ငြိတွယ်စွာ မျက်လုံးချင်းဆုံကြရင်းပေါ့။
     ပျော်မောတယ်ဆိုတဲ့ စကားလုံးလေးတစ်လုံးကို ကျွန်တော်တို့ နှစ်နှစ်ခြိုက်ခြိုက် သုံးတတ်လာကြပါပြီ၊ သူ့ကိုချစ်ရခြင်းအပေါ် ရင်ခုန်စွာ ပျော်ရွှင်ခြင်းနဲ့ စိုးရိမ်သောကတွေကြောင့် မောပန်းခြင်းနဲ့ ဆတူ ပေါင်းစပ် ဖွဲ့စည်းဖြစ်တည်နေတဲ့ ကိုယ့်ရင် ဟင်းလင်းပြင်ကြီးကို ကိုယ်တိုင်ရှင်းရှင်းကြီး ပြန်မြင်နေရလို့ပါ။
     စက္ကန့်တွေ ခုန်တေယ်၊မိနစ်တွေ လှုပ်နေတယ်။
     နေ့ရက်တွေ နောက်ကို တစ်လှမ်းချင်း ဆုတ်နေတယ်။ ဒီလိုနဲ့ နှစ်ဦးတည်းသိတဲ့ ချစ်သူသက်တမ်း နှစ်လ။ နွေကျောင်းပိတ်ရက် လေးလေ။ ကုန်လွန်ခဲ့ပြန်ပြီ။ အဲ့ဒီခါမှာတော့...။
       အောင်စာရင်းဟာ ကျွန်တော်တို့ နှစ်ဦးကို အလွမ်းဇာတ်ထဲ ဇွတ်အတင်းဆွဲခေါ်ပြီး ကပြ‌စေပါတော့တယ်။
       ရိုးရိုးလေးမှ တကယ့်ကို ရိုးရိုးလေးဖြစ်ပျက်ခဲ့တာပါ။
       မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော်ကျတယ်။သူအောင်တယ်။ ကျွန်တော် အလုပ်ခွင်ဝင်ရမယ်၊ သူတက္ကသိုလ် ဆက်တက်ရမယ်ပေါ့။
        ဒါပါပဲ။
        ဖြစ်ပျက်သွားခဲ့သမျှ အားလုံးဟာလဲ ဒါလောက်ပါပဲ။
        သန်ဘက်ခါ မနက်။
        ခုချိန်ကစပြီး နောက်ထပ် လေးဆယ့်ရှစ်နာရီအကြာမှာ သူ ရန်ကုန် တက္ကသိုလ်သွားရတော့မယ်။
        ချစ်ကြင်စဦး။
        ခဏဆိုပေမဲ့ ကျောင်းပိတ်လို့ သူအိမ်မပြန်ခင် စပ်ကြားကာလဟာ ကျွန်တော့်အတွက် ရှည်လျားလွန်းလှပါတယ်ဗျာ။
         ကျွန်တော်သူ့ကို သိပ်တွေ့ချင်တယ်။ အကြာကြီးမခွဲခင်မှာ ခဏလေးဖြစ်ဖြစ် သူ့ရင်ခွင်မှာ မှီနွဲ့ပြီး သူ့မျက်နှာကို တစ်ဝကြီးကြည့်ချင်နေတယ်၊ တကယ်တော့ ချစ်သူဖြစ်ပြီလို့ သိလိုက်ကြတဲ့နေ့က ကျွန်တော့်လက်ကလေးကို သူ ထိတွေ့အုပ်မိုး၊ဆုပ်ကိုင်ထားတာကလွဲလို့ ဘယ်တုန်းကမှ ကျွန်တော်တို့နှစ်ယောက်တည်း ဆုံတွေ့ဖို့မကြိုးစားခဲ့ကြဘူး။ချစ်သူတို့ သဘာဝ နေထိုင်ခွင့်မရခဲ့ကြဘူး၊မယူခဲ့ကြဘူး။ အံ့ဩစရာ ကောင်းတာက သူ့ဘက်ကလည်း ဘယ်တုန်းကမှတောင်းဆို အခွင့်အရေး မယူခဲ့ကြဘူး။နှစ်ယောက်တည်း ချိန်ချက်တွေ့ဖို့မတောင်းဆိုခဲ့ဖူးတာပါပဲ။
    မနက်ဖ့န် ဥပုသ်နေ့။
    မေမေရော အဖေရော ညီလေးပါ အင်းထဲက ဘုန်းကြီးကျောင်း သွားကြမယ်။ မင်းဂျွန်ကလိုက်ပို့မယ်။ မင်းဂျွန်ဆိုတာ ဒီမြို့မှာ အငယ်တန်း အင်ဂျင်နီယာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရင်း ကျွန်တော်တို့အိမ်မှာပဲ‌နေနေတဲ့ အဖေ့ရဲ့ တူအရင်းပါပဲ။ ကျွန်တော်နဲ့ ဘယ်လိုမှ သွေးမတူသားမစပ်တဲ့ ညီအကိုလို့ပဲ ပြောရမှာပေါ့။
    ဘာပဲဖြစ်ဖြစ် လူငါးယောက်တည်းနဲ့ ဖွဲ့စည်းထားတဲ့အိမ်မှာ မနက်ဖြန် ကျွန်တော်တစ်ယောက်တည်းပဲ ရှိနေမယ်၊အိမ်စောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့...။
    တစ်ရက်တည်း...။
    ကျွန်‌တော်တီးတိုးဆုတောင်းရင် မိုးစင်စင်လင်းခဲ့ပြီ။
     မနက်ခင်း နေခြည်နုနုလေးတွေ ခြံထဲခြန်မချလာခင် အမေတို့သွားနှင့်ကြပြီ။ အိပ်ရေးပျက်နေပေမယ့်၊ တက်ကြွထက်သန်လွန်းလှတဲ့ မျက်လုံးတစ်စုံနဲ့ ခြံတံခါးဝကို မမှိတ်မသုန် ကြည့်နေမိတယ်။
     ကျွန်တော်အသေအချာ ချိန်းဆိုထားပေမဲ့ အရှက်အကြောက်ကြီးတဲ့ သူလာမှ လာရဲပါ့မလားဆိုတဲ့ စိုးရိမ်သောကတွေဟာ ကျွန်တော့်ရင်ကို ဆွဲလှုပ်တုန်ခါနေစေတော့တယ်။
      မနက်ရှစ်နာရီ။
      ငေးမျှော်စောင့်ကြည့်ရလွန်းလို့ ကျွန်တော့်မျက်လုံးတွေ ကျိန်းစပ်ဖန်ခါးနေချိနှ် ခြံတံခါးမှာ လူရိပ်တွေ့လိုက်ရတယ်။
       ခြေထောက်တွေက ‌ကျွန်တော့်ကို သယ်ဆောင်သွားတာလား။ ကျွန်တော့်ခန္ဓာကိုယ်ကပဲ ခြေထောက်တွေကို ဒရွတ်ဆွဲခေါ်ယူသွားတာလား။ဘာကိုမှ ရှင်းရှင်းလင်းလင်းမသိလိုက်ရသေးမီမှာပဲ လူကိုယ်တိုင်က ယွန်းဂီရှရာ ခြံတံခါးဝကို ရောက်နှင့်နေပြီဆိုတာ နားလည် သိရှိလိုက်ရပါတော့တယ်။
       ရှက်ရွံ့စိုးရိမ်မှုနဲ့ ရုပ်တုတစ်ခုလို တောင့်တောင့်ကြီး ဖြစ်နေတဲ့ ယွန်းဂီကို ကျွန်တော်လက်ဆွဲခေါ်ယူလာမိတယ်၊ တွယ်ဆက်ထားတဲ့ ကျွန်တော့်တို့လက်နှစ်ဖက်ဟာ ရေခဲတုံးနှစ်တုံးကို ထိကပ်ထားသလိုမျိုး အေးစက်မာတောင့်လို့ပေါ့။
        ကျွန်တော်တို့ရဲ့အိမ်အိုကြီးကလည်း ဆောင်းနှင်းထုထဲမှာ ခါတိုင်းထက်ကိုပိုပြီး တိတ်ဆိတ်ငြိမ်သက်နေသလိုပဲ။ ဝေခွဲဖို့ ခက်ခဲလှပါတယ်။
ကျွန်တော့်လက် အေးစက်စက်တွေနဲ့ စာကြည့်ခန်းတံခါးကိုဖွင့်လိုက်မိတယ်။
         အိမ်အိုကြီးရဲ့ အခန်းအဆောင်ဆောင်တွေထဲက ဒီအခန်းကလေးဟာတော့ ကျွန်တော့်ရဲ့ နှလုံးအိမ်ရဲ့အခန်းလို့တောင် ပြောနိုင်ပါတယ်။
         အဲဒီအခါမှာ အဘိုးရှိစဉ်က စာကြည့်ခန်းအဖြစ်အသုံးပြုခဲ့ကြတဲ့ အခန်းလေးဟာ ကမ္ဘာကြီး‌နဲ့ကျွန်တော်ကို အဆက်‌ဖြတ်ပေးထားပါလိမ့်မယ်။
         မိသားစုတွင်း မပြေလည်မှု၊ စိတ်ညစ်ညမ်းမှု၊ ယောကျာ်းလေးဖြစ်ပြီး ဘာမှ အသုံးမကျဘူးဆိုတဲဘဆူပူကြိမ်းမောင်းခံရမှုတွေဆီက လွတ်မြောက်လိုမှု၊ ယွန်းဂီကို လွမ်းတဲ့အခါ(ချစ်သူမဖြစ်ကြခင်တုန်းက)ရင်ထဲကဝေဒနာကိာတစ်ယောက်တည်း စိတ်ကြိုက်ကြဲဖြန့်အလွမ်းဖြေလိုမှု၊ ယုတ်စွအဆုံး ကျွန်တော်တို့နှစ်ဦးကို ချစ်သူတွေဖြစ်စေခဲ့တဲ့ သက်သေခံစာအုပ်အပေါ်မှာ ယွန်းဂီဆိုတဲ့နာမည်တွေကို စိတ်ရှိလက်ရှိ လွတ်"လပ်" ရေးလိုမှုအတွက် ဒီအခန်းကို အသုံးချခဲ့ရတယ်။
     ခုတော့...။
     အဲဒီအခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်း။
     ဘယ်လောက်တောင်ကြာခဲ့ပြီလဲ...။
     မျက်ဝန်းတစ်ခုနဲ့ တစ်ခုဆုံတွေ့‌နေကြတာ။
     ဘယ်လောက်တောင်ကြာခဲ့ပြီလဲ...။
     တစ်ယောက်လက်တစ်ယောက်မြဲမြဲဆုပ်ကိုင်ထားခဲ့ကြတာ။
     ဘာစကားမှ မဆိုခဲ့မိကြာတာ။
     ငြိမ်သက်ခြင်းဟာကျွန်တော့်ရင်ထဲကို မုန်တိုင်းပြင်းပြင်းတစ်ခုလို စိတ်တိုင်းကျလှည့်ပတ်မွှေနှောက်နေပြီးမှ ဖောက်ခွဲ့ဖွင့်လိုက်တော့တယ်။
     'ယွန်းဂီ...၊ မင်း ငါ့ကို ဘာမှ မပြောတော့ဘူးလား။ဒီတိုင်းပဲ ကြည့်နေတော့မှာလား'
     အတော်ကြာအောင် ဆက်ငြိမ်နေပြီးမှ...။
     တိကျအားရှိလှတဲ့ အသံတစ်သံ သူ့ဆီက ထွက်ကျလာတယ်။
     'ထယ်...၊ ထယ့်ကို ငါချစ်တယ်၊ ငါ့၊ ငါ့ကိုယ်ငါ မယုံနိုင်လောက်အောင် နင့်ကိုသိပ်ချစ်နေမိတယ်'
     ကမ္ဘာပေါ်မှာ ထွက်ကျဖူးခဲ့သမျှ အသံတွေထဲမှာ
ဒီစကားသံလောက်ချိုမြိန်ရင်ခုန်စရာကောင်းတာရှိပါဦးမလား၊လွင့်မျောလာတဲ့ ပီတိစိတ်နဲ့ ပျော်ရွှင်လွန်းလို့ သူရင်ခွင်ထဲ မှီနွဲ့ပျော့ခွေပစ်လိုက်ချင်တယ်။
     'ထယ်...၊ငါပြန်မယ်။ကျောင်းရောက်မှ စာရေးလိုက်မယ်၊ကျောင်းပိတ်ရက် ပြန်လာမှ လူချင်းတွေ့ကြတာပေါ့၊ ထယ်ရေ...မင်းဟာ ငါ့အချစ်ဦး။ ဒါ့ကြောင့် ငါ့အိမ်ထောင်ဖက်ဟာ ထယ်ပဲဖြစ်ရမယ်။ ငါတို့ အတူနေဖို့ စောင့်ရလှ နောက်ထပ်ငါးနှစ်ပေါ့၊နင့်ကျန်းမာရေးကို ဂရုစိုက်နော်။ ထယ်ဟာ ငါတစ်သက်တာအတွက် တစ်ပွင့်တည်းသော ပန်းကလေးပဲ ထယ်ရေ...'
       'သေချာအောင် ထပ်ပြောမယ်။ ထယ်ကိုပဲ ငါလက်ထပ်မယ်။ဒါဟာ ထယ်ဘက်က သစ္စာမပျက်သရွေ့ ယွန်းဂီဆိုတဲ့ ယောကျာ်းတစ်ယောက် ဘက်က ဘယ်တော့မှမပျက်မယ့်၊အမြဲတည်နေမယ့် ကတိစကား ထယ်နားလည်ထားပေးပါ'
        အဆက်အစပ်မရှိ အဆီအငေါ်မတည့်စွာ ပြောချင်ရာပြောသွားပြီး တဲ့အခါ ယွန်းဂီဟာ တံခါးရှိရာလျှောက်သွားတယ်။ကြည်နူးရင်ခုန်စွာ မျက်လုံးမှိတ်ရင်း အခန်းအလယ်မှာ မတ်တပ်ရပ် ကျန်ရစ်တဲ့ ကျွန်တော့်နားထဲ တံခါးပိတ်သံကြားမှ သူထွက်ခွာသွားရာဆီ အပြေးလိုက်သွားမိတယ်။
         ကျွန်တော့်မျက်နှာတည့်တည့်မှာတော့...၊သူ ပိတ်ထားတဲ့ တံခါး ကြီးသာ မာကျောအေးစက်စွာ..။
          အဲဒီ တံခါးကိုဖွင့်ပြီး သူ့ကျောပြင်ကို မကြည့်ရဲတာနဲ့ တံခါးဆီ ကျောမှီပြီး ထိုင်ချမိတယ်။ ကျွန်တော့်ကိုအနမ်းတစ်ပွင့် ချွေမသွားပေမယ့် ကျွန်တော့်အခန်းထဲမှာ ချစ်သူကိုယ်ရနံ့ သင်းပျံ့လို့၊ ကျွန်တော်ရင်ထဲမှာလဲ ချစ်ရသူရဲ့အရိပ်တွေ ပြည့်လျှံလို့။
     
     
    
    
    

အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်Where stories live. Discover now