( ၁ )

11.7K 1.3K 17
                                    

<Unicode>

၁.

ညနေခင်းပိုင်းမှ စျေးသို့ အပြေးသွားကာ ကသုတ်ကရိုက်နှင့် ဝယ်လာရသည့် စားသောက်ကုန်များကို သယ်လျက် လင်းဝမ်သည် မီတာတစ်ရာခန့် လိုသေးသည့် သူ၏ အခန်းတံခါးဝကို ခေါင်းမော့၍ တစ်ချက်ကြည့်သည်။ ထို့နောက် လက်ကို တင်းကြပ်စွာဆုပ်ကာ ပတ်ဝန်းကျင်အား စူးစမ်းကြည့်ပြီးသော် ဦးထုပ်ကို နိမ့်နိုင်သမျှ နိမ့်အောင် နှိမ့်ချ၍ ခြေလှမ်းသွက်လိုက်သည်။

တစ်ကိုယ်ရည်သမားအဖြစ် အချိန်အတော်ကြာ နေထိုင်ပြီးနောက် အစကတည်းက ပြင်းထန်သော လူကြောက်တတ်သည့် သူ့အကျင့်မှာ ပို၍တောင် ဆိုးရွားလာခဲ့သည်။ အစားအစာကုန်ချိန်နှင့် အမှိုက်ပစ်ချိန်တို့မှ လွဲ၍ သူ အိမ်အပြင်သို့ ခြေတစ်လှမ်းတောင် မလှမ်းတော့သလောက်ပင်။ ဖြတ်သွားဖြတ်လာ သူစိမ်းတို့သည် သူ့အတွက်တော့ လူဆိုးများနှင့်မခြား။ သူနှင့် ပတ်သက်သည့် သတင်းဟူ၍ တစ်ခုတစ်လေတောင် မထွက်ရအောင် ဂရုတစိုက်နှင့် သတိကြီးကြီးထားကာ သူ နေထိုင်သည်။

လင်းဝမ်ကား လွန်စွာမှ အရှက်အကြောက်ကြီးသူတစ်ယောက် ဖြစ်သည်။

အခုရက်ပိုင်းအတွင်း မြို့တော် A ၌ အပူချိန် လျော့ကျလာသည်။ သာမိုမီတာနှင့် တိုင်းကြည့်လျှင် အနုတ်တစ်ဆယ်ခန့် ရှိမှာမလွဲ။ သို့သော် လင်းဝမ်ကမူ ချွေးပြန်နေ၏။ သူနှင့် တိုက်ခန်းတွဲအကြား ကိုယ်တိုင်သတ်မှတ်ထားသည့် စည်းကို မရောက်သေးသရွေ့ သူ သတိလျှော့ချလိုက်မှာ မဟုတ်။

အေးချမ်းဆိတ်ငြိမ်သော နေရပ်ကို တောင့်တသည်မို့ ဤအဆင့်မြင့်ကွန်ဒိုအိမ်ရာမှ တိုက်ခန်းကို သူ စျေးကြီးပေးဝယ်ခဲ့သည်။ ဆောက်ပြီးစ အိမ်ရာဖြစ်၍ လူများများစားစား မနေသည်မို့ ခြေနှစ်လှမ်းသုံးလှမ်းလျှောက်တိုင်း လူတစ်ယောက်မဟုတ် တစ်ယောက်နှင့် ကြုံရစရာမရှိ။

အရင်တခေါက်က ဓာတ်လှေကားထဲတွင် လူတစ်ယောက်နှင့် ကြုံကြိုက်ခဲ့ရသည်ကို သူ ပြန်အတွေးရောက်မိသည်။ သူ၏ အခန်းရှိရာ အလွှာခလုတ်နံပါတ်ကို နှိပ်ပြီး တံခါးမပိတ်သေးခင်မှာပင် လက်တစ်ဖက်က ရုတ်တရက် ဝင်၍ တားလာခဲ့သည်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now