( ၃.၂ )

5.8K 1.1K 21
                                    

<Unicode>

၈.

ကျွမ့်နန်သည် 'ကောင်းသောညနေခင်းပါ' ဟု နှစ်ခါတိတိ ပြောခဲ့သည်။ ပထမတစ်ခေါက်မှာ ယဥ်ကျေးသမှုဖြင့် နှုတ်ဆက်ခြင်းသာဖြစ်ကာ ဒုတိယအကြိမ်ကတော့ သတ္တိအကုန်ထုတ်၍ ပြန်နှုတ်ဆက်မှု ပြုလာသော အိမ်နီးချင်းကို တုံ့ပြန်ခြင်းဖြစ်သည်။

လင်းဝမ်သည် ပြုတ်ကျလုနီးပါးတဲတဲသာ လိုတော့သည့် သစ်ကိုင်းတစ်ခုပေါ်တွင် ကိုယ့်အမြှီးကိုယ် ကျစ်ကျစ်ပါအောင် ပွေ့ဖက်လျက် လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုမိရန် သတိကြီးကြီးထား၍ ကုတ်ကုတ်လေးနေနေရသော ရှဥ့်ငယ်လေးနှင့် ဆင်တူလှသည်။ အသံတစ်ခုတစ်လေ ကြားလိုက်သည်နှင့် ကြောက်လန့်တကြားဖြင့် အမွှေးများဖွာလျက် ပြုတ်ကျတော့မည့်အတိုင်းပင်။

ကျွမ့်နန်သည် အနှီလူငယ်လေးမှ ချည်ထည်နုနု အိမ်နေရင်းအင်္ကျီကို ဝတ်ကာ အခန်းတံခါးဖွင့်ဝင်ရင်း ရှက်ရွံ့စွာ သူ့ထံ ချောင်းကြည့်လာပုံကို ပြန်အတွေးရောက်မိလျက် ခေါင်းငုံ့ကာ ကြည့်လာ၏။ တဖြည်းဖြည်းနှင့် သူ့ရင်တွေ ခုန်လာရကာ နောက်ထပ်စကားဆက်ချင်​ေနသေးသည်။ သို့သော် လင်းဝမ်၏ တုန်ယင်နေသော ပခုံးတို့ကို မြင်ရသည့်နောက် ထိုစကားတို့ကို မျိုသိပ်လိုက်ရတော့သည်။

ရှေ့တိုးသင့်ချိန်တွင် မလျှော့စတမ်းတိုးကာ နောက်ဆုတ်ရဖို့ကိုလည်း ဝန်မလေးသင့်။ ဤအတိုင်း ဆက်တိုးမိလျှင် ရှဥ့်ငယ်ရှန့်ရှန်းမှာ သူ့ကြောင့်နှင့် အောက်ပြုတ်ကျရချေမည်။

သို့ဖြစ်ရာ နောက်သို့ ခြေနှစ်လှမ်းပြန်ဆုတ်လျက် နှစ်ဦးကြား အကွာအဝေးတစ်ခု ခြားစေလိုက်သည်။ ထို့နောက် ခလုတ်တစ်ခုကို နှိပ်၍ ပိတ်သွားသော ဓာတ်လှေကားတံခါးကို ပြန်ဖွင့်ကာ အထဲမှ မထွက်ခင်တွင် လင်းဝမ်၏ အမွှေးပွဦးထုပ်ကို ကြည့်လျက် ပြုံးပြ၍ "တာ့တာ" ဟု ဆိုပြီးသော် ခဏတန့်သွားပြန်ကာ ဖြည့်စွက်သည် "ဂွတ်နိုက်"

သူသည် အချိန်ပြည့် အထက်တန်းလွှာ လူတန်းစားများအကြား ဝန်းရံ၍ နေရသူတစ်ယောက် ဖြစ်သည်။ ၎င်းတို့နှင့် ဆက်ဆံရေးဟူသည်မှာလည်း အရောင်းအဝယ်ပုံစံ အေးစက်စက်နှင့် သာမာန်ကာလျှံကာမျှသာ။ အလုပ်မှာ ခန္ဓာကိုယ်ပင်ပန်းသည်ထက် စိတ်ပိုပင်ပန်းရသည်။ ထို့ကြောင့်လည်း မြို့လည်ခေါင်နှင့် အလှမ်းဝေးသော ဤတိုက်သစ်ဆီ သူ ပြောင်းလာဖြစ်ခဲ့ခြင်းပင်။ ပတ်ဝန်းကျင်က တိတ်ဆိတ်သည်မို့ ပိုမို၍ အေးအေးလူလူနေရရန် ​ဖြစ်သည်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now