( ၄ )

5.5K 1.1K 24
                                    

<Unicode>

၁၀.

လင်းဝမ်သည် ဤသို့သော ဇာတ်ကောင်တစ်ယောက်ကို ရေးသားဖြစ်ခဲ့လေသည် - ညည့်ယံချိန်တွင်သာ မြို့ပြ၏ လမ်းမထက် ငြိတွယ်သွားလာသော လင်းလက်လှပလွန်းသူ တစ္ဆေတစ်ကောင်အလား လူသားဟူ၍။ ထိုလူ့ထံတွင် ထုတ်ပြောရခက်သော အလုပ်တစ်ခု ရှိသော်ငြား အခြားသာမာန်လူတွေလိုပင် ဖြစ်ပါ၏။ ရိုးသားကြိုးစား တာဝန်သိတတ်ကာ ယဉ်ကျေးရည်မွန်သည်...ရေးရင်းမှ သူနှင့် ကြုံကြိုက်တိုင်း "ကောင်းသော ညနေခင်းလေးပါ" ဟု နူးညံ့စွာဖြင့် နှုတ်ဆက်လေ့ရှိသော ကျွမ့်ရှန့်ရှန်းအသံကို တွေးမိသွားလျက် ကျွမ့်နန်၏ မျက်နှာအား အစားထိုးမြင်မိတော့သည်သာ။

ထိုအိမ်နီးချင်းအား သူ၏ စိတ်ကူးယဉ်ဇာတ်ကောင်အဖြစ် တိတ်တဆိတ် အသုံးချမိသည်မှာ ရိုင်းပြ၍များနေမလား။ ဇာတ်လမ်းရေးပြီးသော် အွန်လိုင်းပေါ်မတင်ပဲ မိတ္တူပွားကာ ကျွမ့်ရှန့်ရှန်းထံ လက်ဆောင်အဖြစ် ပေးလိုက်လျှင် အဆင်ပြေမည်လား။ ကျွမ့်ရှန့်ရှန်းတစ်ယောက် စိတ်များဆိုးသွားလေမလား။ ကျွမ့်ရှန့်ရှန်း စိတ်တိုသည်ကိုတော့ လင်းဝမ် တစ်ခါမျှမမြင်ဖူး။

လင်းဝမ်သည် ဘော့ပင်ကိုက်ရင်း စိတ်ပူပန်ကာ အတွေးများနေရသည်။ ဈာန်ဝင်မှုများမှာ အဝေးပျံထွက်ကုန်ပြီဖြစ်ရာ စာပိုဒ်တစ်ပိုဒ်မျှသာ နုတ်ပတ့်ပေါ်တွင် ရေးလိုက်နိုင်ကာ ထိုင်ခုံမှ ထချိန်တွင်တော့ လက်ခြေအကုန် ထုံနေလေပြီ။ လက်အချင်းချင်းကိုပွတ်၍ သွေးပူစေပြီးနောက် လင်းဝမ်က ရေသွားချိုးလိုက်တော့သည်။ ထို့နောက် အိမ်နေရင်းဝတ်စုံဝတ်လျက် ပြတင်းပေါက်ဆီသို့ လျှောက်လာကာ မှန်ကိုမ,ဖွင့်၍ အပြင်ဘက်ကို ကြည့်လိုက်လေသည်။

မြို့တော် A တွင်ကား တစ်နေ့တစ်နေ့ အေးသည်ထက် ပိုပိုအေးလာပုံပင်။ မြို့တွင် အလုပ်အရှုပ်ဆုံးဟုဆိုရမည့် အလုပ်သမားများ၊ ကျောင်းသားများမှာ အေးစက်သော ရာသီဥတုထဲ အာငွေ့ပေး၍ လက်များပွတ်လျက် ရောက်ရှိလာတော့မည့် အားလပ်ရက်များကို မျှော်လင့်နေကြ၏။ နှစ်သစ်ကူးဟူသည်မှာကား မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့လျက် ပျော်ရွှင်မှုစားပွဲတော်လေး မပါသရွေ့ မပြည့်စုံပါချေ။ လင်းဝမ်သည် ဤနှစ်ကူးလည်း တစ်ကိုယ်ရည်ဖြတ်သန်းရမည်မှန်း သိထားသည်မို့ ဝမ်းနည်းနေရလေသည်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now