( ၆ )

5.2K 1.1K 61
                                    

<Unicode>

၁၄.

လင်းဝမ်သည် ဆန်ပြုတ်ပူအိုးသေးလေးတစ်အိုးစာ ချက်လိုက်သည်။ မနေ့ညက ဇာတ်လမ်းအသစ်ကို စဥ်းစားနေရသဖြင့် သူ ညစာစားရန် မေ့သွားခဲ့ရာ အစကတော့ ဘာမျှ မခံစားရသော်ငြား ကျွမ့်နန်အတွက် ဆန်ပြုတ်ကျိုရင်းမှ ဗိုက်ဆာလာသဖြင့် ကျွမ့်ရှန့်ရှန်း စားပြီးမှ လက်ကျန်များကို ရှင်းရန် တွေးထားခဲ့လေသည်။ မထင်မှတ်ထားမိစွာပင် ကျွမ့်ရှန့်ရှန်းမှာ အာသီသကောင်းလျက် ဆန်ပြုတ်တစ်အိုးလုံးကို အပြောင်ရှင်းကုန်အောင် စားပစ်လိုက်ခဲ့သည်။

သူ အံ့အားလည်းသင့်ရသလို စိတ်လည်းပျက်သွားမိသော်ငြား နှုတ်မဟရဲလေရာ ကျွမ့်ရှန့်ရှန်းစားပြီးချိန်ထိ စောင့်ပြီး ေဆးနှင့် ရေခွက်ကို ကမ်းပေးလိုက်လေသည်။ သူ၏ အချက်အပြုတ်စွမ်းရည်တို့သည် မိမိတစ်ကိုယ်စာဗိုက်ဝဖို့အရေးမျှသာ ဖြစ်သဖြင့် အထူးအထွေ လေ့လာထားခြင်းမျိုး မရှိခဲ့။ ချက်ပြုတ်ပြီး နောက်ဆုံးပိတ်အရသာ မည်သို့ ရှိမှန်း မပြောတတ်သော်လည်း ကျွမ့်ရှန့်ရှန်းကို ကြည့်ရပုံအရတော့...ကောင်းသည်ပဲလား?

ခေါင်းထဲ ဗရပွလျှောက်တွေးနေမိလေရာ ကျွမ့်ရှန့်ရှန်းမှ စားပွဲရှင်းနေပြီအား မြင်ချိန်မှ သတိပြန်ကပ်ကာ အမြန်လှမ်းတားလိုက်ရသည် "ခင်,ခင်ဗျား နေမကောင်းဘူး ကျွန်တော် ရှင်းလိုက်မယ် သွား,သွား နားလိုက်ပါ"

ကျွမ့်နန်သည် သူ့အား လေးနက်စွာ ကြည့်ပြီးသည့်နောက် ခေါင်းညိတ်သည်။ လင်းဝမ်မှ ပန်းကန်ဆေးပြီး ပြန်ထွက်လာချိန်တွင် ကျွမ့်နန်အား ဆိုဖာပေါ်တွင် စောင်ခြုံလျက် ကွေးနေသည်ကို တွေ့လိုက်ရ၏။

ကျွမ့်ရှန့်ရှန်းသည် ပုံမှန်အချိန်များလို ယဥ်ကျေးရည်မွန်ဆဲပင် "ဧည့်သည်က အိမ်ရှင်ရဲ့ အိပ်ခန်းကို ယူလို့ ဖြစ်ပါ့မလား မင်းကို ဒုက္ခပေးတာ များလှနေပါပြီ ကိုယ် ဒီမှာပဲ အိပ်လိုက်ပါ့မယ်"

အိမ်လေးသည် အလည်အပတ်လာရောက်သူလည်း မရှိသည်မို့ ဧည့်သည်အိပ်ခန်းမှာ စတိုခန်းဖြစ်၍ နေသည်။ အိပ်ရာလည်း တစ်ခုတည်း ရှိသည်။ လင်းဝမ်သည် မိမိလက်များကို ဘယ်နေရာထားရမည်မှန်း မသိ။ အနှီအိမ်နေရင်းဝတ်များတွင် ခေါင်းဆောင်း၊ လက်အိတ်များ မပါသည်မှာ မုန်းစရာကောင်းလှပါဘိ။ သူက ခပ်တိုးတိုးပြောလိုက်လေသည် "ခင်ဗျား နေမကောင်းဘူး..."

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now