1 (U)

2.6K 244 4
                                    

အပိုင်း ()

ကျောက်မူ ဆုံးပါးသွားခဲ့ပြီ။

လီယွိ ငွေအနည်းငယ်သုံးကာ အသုဘကျင်းပပေးခဲ့ပြီး သမ္မာကျမ်းစာ ဖတ်ရန်အတွက် ဆရာယောင်သမားယောင်တစ်ယောက်၏နောက်လိုက်အား ဖိတ်ကြားခဲ့၏။ သူကိုယ်တိုင်သည်ကား ရနံ့သင်းသည့် သစ်နက်သားဖြင့် ထွင်းထုထားသည့် အရိုးပြာအိုးကို ရင်ခွင်၌ သိမ်းကြုံးပွေ့ဖက်၍ ခန်းမဆောင်၏ ချောင်တစ်ချောင်၌ တွေဝေနစ်မြောနေခဲ့သည်။

လက်ထဲမှ အရိုးပြာအိုးလေးက ဗလာဖြစ်လို့နေကာ ၎င်းပိုင်ရှင်က အသုဘရှုရန် စီစဥ်ပေးထားသည့် အဖုံးဖွင့်အခေါင်းထဲ၌ လှဲလျောင်းနေဆဲပင် ဖြစ်၏။

လီယွိ ခုံပုလေးပေါ်၌ ထိုင်ကာ အရိုးပြာအိုးမျက်နှာပြင်ထက်၌ ရောင်ပြန်ထင်ဟပ်နေသည့် သူကိုယ်တိုင်၏ပုံရိပ်အား တိတ်တဆိတ် လက်ဖြင့် ထိတွေ့နေခဲ့သည်။ မျက်ခမ်းစပ်များဟာ ဖြူဖပ်ဖြူရော်ဖြစ်လို့နေကာ မုတ်ဆိတ်မွေးများဟာလည်း ငုံးတိတိနှင့်။ စိတ်ရောကိုယ်ပါ အဖျက်ဆီးခံလိုက်ရ၍ မှိုင်တွေကာ စိတ်ဓာတ်ကျနေခဲ့သူတစ်ယောက်ပီပီ။

ခန်းမဆောင်က လူသူကင်းမဲ့ကာ အလွန်တရာ အေးစက်လှ၏။ လာသည့်ဧည့်သည်များကလည်း များများစားစား မရှိ။ တက်ရောက်သည့် လက်တစ်ဆုပ်စာလူများမှာလည်း သက်ပြင်းသာ ချမြဲချနေလိမ့်မည်။ သူတို့၏စိတ်နှလုံးထဲ၌ မည်မျှဝမ်းနည်းပူဆွေးနေကြောင်းကိုတော့ မမြင်နိုင်၊ မသိနိုင်၊ မထိတွေ့နိုင်။

လူငယ်ကောင်လေးတစ်ဦး (ခုနက လီယွိခေါ်လာတဲ့ ဆရာယောင်သမားယောင်ရဲ့နောက်လိုက်) အတွက် ထိုကဲ့သို့ ကိစ္စအား တာဝန်ယူရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ဘေးဘယ်ညာကြည့်ပါသော်ငြား သူ့အား သတိပြုမိမည့်လူ တစ်ဦးတစ်ယောက်မျှ ရှိမနေ။ လာလေသမျှ လူတိုင်း၌ တချို့က ကြည့်သူမြင်သူတိုင်း ယုံကြည်သွားနိုင်မည့် ပူဆွေးမျက်ရည်များကို ကျပြနေလိမ့်မည်။ သို့တည်းမဟုတ် တချို့သူများက အထင်အမြင်သေးကာ စက်ဆုပ်ရွံရှာသည့် မျက်နှာထားမျိုးဖြင့် ဓာတ်ပုံထဲမှ ချောမောလှပသည့် ကောင်လေးအား စိုက်ကြည့်နေကြလိမ့်မည်။ အဆုံး၌ အနှီလူငယ်လေးလည်း ရွေးချယ်စရာမရှိတော့ဘဲ လီယွိထံသို့သာ ပြေးသွားတော့သည်။

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Where stories live. Discover now