2 (U)

1.1K 180 1
                                    

အပိုင်း()

ဤသို့ဤနှယ် အချိန်ဟာ ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့၏။

လီယွိမှာ မိသားစုအား ဂရုစိုက်စောင့်ရှောက်ပေးနိုင်သည့် လူကောင်းတစ်ယောက်ဖြစ်သည်။ ဆိတ်ငြိမ်ကာ သာမန်ကျလှသည့် ဘဝလေး၌ နေထိုင်ရသည်ကို ကျေနပ်သဘောကျတတ်သူတစ်ဦးပင်။ ချစ်ခြင်းမေတ္တာ၊ အနှောင်အဖွဲ့ အစရှိသဖြင့် အချို့သောကိစ္စရပ်များသည်ကား အင်မတန် ကောင်းမွန်လှသည်ဟု တထစ်ချ မဆိုသာ။ အရွယ်ရောက်ပြီးသည့်နောက်တွင်မူ ဘဝ၌ တွယ်ငြိခဲ့သည့် မက်မောစွဲလမ်းမှုများက တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းငယ်လေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပေလိမ့်မည်။

ဤသည်မှာ လီယွိတွေးထင်ခဲ့သော အရာပင်တည်း။

လီယွိသည် 'တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းငယ်လေး'ဟူသော စကားပုံအား အတော်အတန် နှစ်ခြိုက်ခဲ့သည်။ အကြောင်းမှာ သင်ဟာ အချစ်ဟူသည့် ခံစားချက်လေးကို တသသ မြတ်နိုးတန်ဖိုးထားနေသရွေ့ အချစ်ဟာလည်း လေပြင်းမုန်တိုင်း တိုက်ခတ်ကာ မိုးမစဲဘဲ တဖွဲဖွဲ ရွာသွန်းစေကာမူ ဤကမ္ဘာမြေဝယ် ထာဝရတည်တံ့နေလိမ့်မည်ဟု အဓိပ္ပာယ်ရသောကြောင့် ဖြစ်၏။ စမ်းချောင်းလေးထဲ၌ ရေများက တဖြည်းဖြည်းစီးဆင်းနေပါသကဲ့သို့ ကျောက်မူက သူ၏နှလုံးသည်းစိုင်အား လုံးလုံးလျားလျား အမြစ်တွယ်နိုင်သည်အထိ သူ၏ခန္ဓာကိုယ်အတွင်း၌ အချစ်ဓာတ်များက နေရာလပ်မကျန် စိမ့်ဝင်ဖြတ်သန်းနေလျက်ရှိသည်။

သူ ကျောက်မူကို ချစ်ခဲ့ပါသည်။

အရပ်ရှည်ရှည် ယောက်ျားတစ်ဦးက ကျဥ်းမြောင်းလှသည့် မီးဖိုချောင်အတွင်း၌ ဖင်မလှည့်သာ ခေါင်းမလှည့်သာ မတ်တပ်ရပ်ရင်း မုန်လာဥအား အချောင်းသေးသေးလေးများအဖြစ် စိတ်ရှည်ရှည် လှီးဖြတ်နေလိမ့်မည်ဟု မည်သူကများ စိတ်ကူးယဥ်ဖူးမည်နည်း။ သူ၏ခန္ဓာကိုယ်ပေါ်၌လည်း မပျောက်ပျက်သေးသည့် ဒဏ်ရာဗရပွက အဖော်ပြုပေးလျက်ရှိလိမ့်မည်။ မီးဖိုချောင်၏အပြင်ဘက် စားပွဲသေးသေးလေးတွင်တော့ ချောမောကြည့်ကောင်းလှသည့် အမျိုးသားတစ်ဦးက ဘေး၌ ကူချင်းတစ်လက်ကို နေရာချထားကာ သီချင်းစာသား ရေးထားသည့်စာရွက်အား လက်ထဲ၌ ကိုင်ထားပေလိမ့်မည်။ ဤသည်က သူတို့နှစ်ဦးလုံးနှင့် နေသားကျနေသည့် မြင်ကွင်းတစ်ရပ်သာ ဖြစ်ချေ၏။

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Where stories live. Discover now